City Hub – Amsterdam

အမ်စတာဒမ်အတွက် အွန်လိုင်းမှာ ဟိုတယ်ရှာတော့ ထူးထူးခြားခြား hotel မကျ hostel လည်းမဟုတ်တာလေး တစ်ခုကိုတွေ့တယ်။ “City Hub” ပါ .. သူက Capsule Hotel လို့ခေါ်ရမလားပဲ။ ၂ယောက်စာ အခန်းကျဉ်းလေးတွေကို idea ကောင်းကောင်းနဲ့ Technology ပေါင်းစပ်ထားတဲ့ နေရာလေး။ သူ့ဆီမှာတည်းရင် ဟိုတယ်တွေမှာ တည်းတာထက်ကို သက်သာမယ်၊ နောက်ပြီး အိုင်ဒီယာကောင်းကောင်းနဲ့ လိုလေသေးမရှိအောင် စီစဉ်ထားပေးတဲ့အတွက် အတွေ့အကြုံကောင်းကောင်းလည်း ရမယ်ပေါ့။ အင်တာနက်က review တွေမှာတော့ အကောင်းဆုံး အမြင့်ဆုံးတွေပဲ ပေးထားကြပြီး review အရမ်းကောင်းပါတယ်။ ကိုယ်တွေကလည်း အမ်စတာဒမ်မှာ ၂ရက်ထဲ နေမှာဆိုတော့ ၂ရက်လုံးကို City Hub မှာပဲ Booking လုပ်လိုက်တယ်။ Booking လုပ်ပြီးပြီးချင်း သူတို့ရဲ့ mobile Apps ကို download လုပ်ဖို့ ပြောပါတယ်။

အပလီကေးရှင်းမှာ Booking နံပါတ်နဲ့ Register လုပ်ပြီးရင်တော့ တာဝန်ကျဝန်ထမ်း (သူတို့အခေါ် City Host) တွေနဲ့ Live Chat လုပ်ပြီး သိလိုတာတွေမေးနိုင်သလို၊ Amsterdam ရောက်လို့ လမ်းပျောက်နေရင် လမ်းညွှန်ခိုင်းတာတို့၊ အနီးပတ်ဝန်းကျင်က စားသောက်ဆိုင် Recommendation တောင်းတာတို့ စသဖြင့် အများကြီး အသုံးဝင်ပါတယ်။

မြို့လယ်နဲ့တော့ နည်းနည်းလှမ်းပေမယ့် Amsterdam Central ကနေ ရထား (Tram) စီးလာတော့ တစ်ဆင့်ထဲ (၁၅မိနစ်) နဲ့ ရောက်ပါတယ်။ အရှေ့တည့်တည့်မှာ စက်ဘီးအငှားဆိုင်ရှိတော့ စက်ဘီးငှားစီးချင်ရင်လည်း အဆင်ပြေတယ်။ ပတ်ဝန်းကျင်မှာလည်း စားသောက်ဆိုင်တွေ များပါတယ်။ လမ်းထိပ်မှာ ထိုင်းဆိုင်တစ်ဆိုင် ရှိသလို လမ်းထဲမှာ အိန္ဒိယ စားသောက်ဆိုင် နဲ့ နီပေါစားသောက်ဆိုင်တွေလည်း ရှိတယ်။ “Foodhallen” ဆိုတဲ့ တော်တော်မိုက်တဲ့ food court ကြီးလည်း အနီးနားလေးတင် ရှိတယ်။ မနက်စောစောကနေ နေ့လည်ခင်းလောက်ထိ လမ်းမပေါ်ခင်းရောင်းတဲ့ street market ကြီးရှိတယ် .. သစ်သီးတွေ၊ မုန့်တွေ တအားဈေးသက်သာတယ်။

Chek in လုပ်တာကတော့ စက်မှာပဲ Booking နံပါတ်ရိုက်ထည့်ပြီး ကိုယ့်ဟာကိုယ်လုပ်ရတယ်။ လုပ်မတတ်လို့ အဆင်မ​ပြေရင်လည်း တာဝန်ကျဝန်ထမ်းတွေက ကူညီပါတယ်။ Check in လုပ်ပြီးရင်တော့ အခန်းသော့အဖြင့် သုံးရမယ့်လက်ပတ် တစ်ယောက်တစ်ခုစီကို အခန်းနံပါတ်နဲ့တွဲပြီး စက်မှာ လုပ်ရတယ်။

တည်းခိုနေစဉ်အချိန်အတွင်း သွားလေရာ ယူသွားနိုင်တဲ့ Wifi To Go device တစ်ခုရပါတယ်။ အဲဒီအတွက် အပြင်မှာ လျောက်လည်တဲ့ အချိန် Wifi အတွက်ပူစရာ မလိုတော့ဘူးပေါ့။

အခန်းတွေကို သူတို့က Room လို့မခေါ်ပဲ Hub လို့ခေါ်ပါတယ်။ Hub တွေရဲ့ဖွဲ့စည်းပုံက ကပ်ရက် တွေဆိုရင် အပေါ်တစ်ခု အောက်တစ်ခုပါ။ Check in ဝင်ကထဲက အပေါ်အောက်ကို နှစ်သက်ရာ ရွေးလို့ရပါတယ်။

အခန်းလေးက အတော်လေးတော့ကျဉ်းပါတယ် .. ခရီးဆောင် luggage များများပါလာမယ့် သူတွေကတော့ အခန်းထဲမှာ ထားဖို့ အဆင်မပြေလောက်ဘူး။ အခန်းထဲမှာ အားသွင်းဖို့  USB port ၂ခုရယ်၊ Built in Bluetooth စပီကာလည်းပါတယ်။ အခန်းထဲက Lighting နဲ့ Bluetooth Speaker ကိုမိုဘိုင်းအပလီကေးရှင်း ကနေ manage လုပ်လို့ရပါတယ်။ မီးအရောင်ပြောင်းတာတို့ အတိုးအလျော့လုပ်တာတို့ နဲ့ bluetooth speaker ကို စိတ်ကြိုက်ချိန်ညှိနိုင်တယ်။ How Cool !

အိမ်သာနဲ့ ရေချိုးခန်းတွေက အပြင်မှာသီးသန့်ဖြစ်ပြီး လုံးဝကို သန့်ရှင်းပြောင်လက်နေတယ်။ တာဝါတွေကို စိတ်ကြိုက်ယူသုံးလို့ရပြီး သုံးပြီးရင် တာဝါထည့်တဲ့ ခြင်းကလေးထဲ ပစ်ထည့်ထားပေး လိုက်ရုံပါပဲ။

နောက်ပြီးတစ်ခု သဘောကျတာက သူ့ရဲ့ဧည့်ခန်းထဲမှာရှိတဲ့ ဘားပါ။ “The Bar is Yours” တဲ့ .. သောက်ချင်တာကိုရွေးပြီး အခန်းတံခါးဖွင့်ဖို့ ပေးထားတဲ့ လက်ပါတ်ကလေးနဲ့ Tap လုပ်လိုက်ရုံပါပဲ check out လုပ်တော့မှ ပိုက်ဆံရှင်းပေါ့။ ဘီယာ၊ ဝိုင်၊ ဝီစကီ၊ ရမ်၊ ဂျင် စတာတွေအပြင် ကော်ဖီတို့ ဘာတို့လည်း ရတယ်။ ကိုယ့်ဘီယာကို ကိုယ့်ဟာကိုယ် Tap ကနေ ငှဲ့သောက်ရတာ ပျော်စရာတော့ ကောင်းသား။

မနက်စာကိုတော့ ယူရို၁၀ ပေးပြီး မလှမ်းမကမ်းက “The Breakfast Club” ဆိုတဲ့ဆိုင်ကလေးမှာ သွားစားလို့ရပါတယ်။ City Hub ကောင်တာကနေ ကူပွန်တောင်းသွားမှ ယူရို၁၀နဲ့ ရမှာပါ .. ဒါမှမဟုတ်ရင် ပုံမှန်စျေး ၁၅ ယူရိုပေးရမယ်။ သူတို့ရဲ့ မနက်စာ set ကများလွန်းတော့ ကုန်အောင်မစားနိုင်ပါဘူး။

သူငယ်ချင်းတွေ၊ စုံတွဲတွေ အတွက်တော့ နေလို့ကောင်းတဲ့ နေရာပါ။ တည်းတဲ့သူအများစု ကလည်း လူငယ်တွေပါပဲ။ ကျဉ်းကျပ်ပြီး အိပ်ယာပေါ်ကို တက်ရဆင်းရမှာတွေရှိတော့ .. အသက်ကြီးသူတွေနဲ့ မသင့်တော်ပါဘူး။ နောက်ပြီး ၈နှစ်အောက်ကလေးနဲ့ အိမ်မွေးတိရိစ္ဆာန် ပါလာရင်လက်မခံပါဘူး။

City Hub မှာ ၂ရက်နေဖြစ်တယ် .. overall ပြောရရင်တော့ ကြိုက်တယ်၊ နောက်တခေါက် အမ်စတာဒမ်ရောက်ဖြစ်ရင်လည်း ဒီမှာပဲ ပြန်လာနေဖြစ်မှာ သေချာတယ်။