Naples and Pompeii

Rome ကနေ ပွမ်ပေ (Pompeii) ကိုသွားတဲ့ နေ့ချင်းပြန် Tour package တစ်ခုကို ဝယ်ပြီး သွားတာပါ။ ရောက်တဲ့အချိန်က သူတို့ရဲ့ Summer အလယ်တည့်တည့်ကြီးဆိုတော့ နေခင်းပိုင်းတွေ တအားပူပြီး ညပိုင်းနဲ့ မနက်စောစောပိုင်းတွေလောက်ပဲ အနည်းငယ်အေးသယောင်ယောင် ရှိတယ်။ Tour ကမနက်၈း၃၀ စထွက်ဖို့ ချိန်းထားတော့ မနက်စာကို တည်းတဲ့ဟိုတယ်နားက ဆိုင်ကလေးမှာ ကတိုက်ကရိုက်စားပြီး ချိန်းထားတဲ့ ဆုံမှတ်ကို အချိန်မှီရောက်အောင် ပြေးရသေးတယ်။ ကားထွက်တာနဲ့ ဂိုက်က တစ်လမ်းလုံး မြင်သမျှတွေကို ပြင်သစ်လိုတစ်ခါ အင်္ဂလိပ်လိုတစ်ခါ ရှင်းပြတယ်။ အရင်ဆုံးဦးတည်သွားတာက Rome ကနေ မိုင်၁၄၀ လောက်ဝေးတဲ့ နီပယ်လ် (Naples) သို့မဟုတ် နာပိုလီ (Napoli) လို့လည်းခေါ်တဲ့ မြို့ကလေးကိုပါ။ အဲဒီမြို့က ကမ္ဘာကျော် ဘောလုံးသမား မာရာဒိုနာ ကစားသွားတဲ့ နာပိုလီ ဘောလုံးအသင်းရှိတယ်။ သုံးနာရီနီးပါးလောက် မောင်းပြီးတော့မှ Naples ကိုရောက်တယ် .. ပင်လယ်ကမ်းစပ်မြို့လေး ဖြစ်ပြီးတော့ ရာသီဥတုက သာယာတော့ ကောင်းကင်ပြာပြာ တိမ်ပြာပြာနဲ့ လှနေတယ်။

ကမ်းနားက စျေးတစ်ခုနားမှာ ကားရပ်ပြီးတော့ အနီးအနားကို လမ်းလျှောက်ပြီး ကြည့်ကြတယ်။ တချိန်က ရောမတွေရဲ့ အစည်ကားဆုံး သင်္ဘောဆိပ်ကမ်းတစ်ခုကိုလည်း လိုက်ပြပါတယ်။ အဲဒီနားမှာ ကိုယ်ပိုင်ရွက်လှေတွေ ဆိုက်တဲ့ ဆိပ်ကမ်းကြီးတစ်ခုကိုလည်းတွေ့တယ်။

San Francesco di Paola ဆိုတဲ့ ဘုရားရှိခိုးကျောင်းကြီးဆီသွားကြတယ်။ ၁၈၁၆ ခုနှစ်က တည်ဆောက်ထားတဲ့ ဒီဘုရားရှိခိုးကျောင်းက Rome မှာရှိတဲ့ ရောမ Temple ပန်သီယွန် (Pantheon) ရဲ့ ဒီဇိုင်းကို မှီငြမ်းထားတယ်လို့ ဆိုပါတယ်။

ဘုရားကျောင်းရဲ့ အရှေ့တည့်တည့် ရင်ပြင်ကြီးရဲ့ တစ်ဖက်မှာရှိတာက Naples မြို့ရဲ့ တော်ဝင်မိသားစုတွေ နေထိုင်သွားတဲ့ Royal Palace လို့ပြောပါတယ်။ နေကလည်းပူ ရင်ပြင်ကြီးထဲမှာ အရိပ်ကလည်း မရှိဆိုတော့ ပြောသမျှတွေကိုလည်း အာရုံမစိုက်နိုင်တော့ ကြားတချက် မကြားတချက်ပါ။

အဲဒီကပြီးတော့ လမ်းကြားတွေထဲက ဖြတ်လျှောက်ပြီး UNESCO ရဲ့  World Heritage Site တစ်ခုဖြစ်တဲ့ Galleria Umberto I ဆိုတဲ့ ရှော့ပင်းစင်တာကြီးဆီသွားတယ်။

ဒီအဆောက်အဦကြီးက ဈေးဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ နားနေစရာနေရာ public space အတွက် တည်ဆောက်ထားတာပါ။ ၁၈၈၇ခုနှစ်မှာ တည်ဆောက်ပြီး နာမည်ပေးတော့လည်း မူလတည်ဆောက်သူ ဘုရင် ရဲ့နာမည်ကိုပဲ ပေးထားတာပါ။ အတွင်းမှာ အနုစိတ်တဲ့ ပန်းပုလက်ရာတွေနဲ့ ထူးခြားတဲ့ မှန်အမိုးခုံးကြီးတွေကြောင့် ကျော်ကြားတဲ့ အဆောက်အဦဖြစ်တာပါ။

အဲဒီနားက အီတလီ စားသောက်ဆိုင် တစ်ဆိုင်ကို နေ့လည်စာအတွက် ရောက်ကြတယ်။ နေ့လည်စာကျွေးတဲ့ ပီဇာက ဘယ်လိုမှခံစားမရတော့ နည်းနည်းစားပြီး အောက်ဆင်းလမ်းလျှောက်၊ ဆေးလိပ်သောက်ရင်း တခြားသူတွေကို စောင့်ရတယ်။ လူစုံတော့ မလှမ်းမကမ်းမှာ မြင်နေရတဲ့ ရဲတိုက်ကြီး Castel Nuovo ဆီကိုသွားကြတယ်။ ၁၂၇၉ ခုနှစ်ကတည်းက ဆောက်ထားတဲ့ ရဲတိုက်ကြီး ဖြစ်ပြီးတော့ အဲဒီခေတ်က Naples ကိုအုပ်ချုပ်သွားကြတဲ့ စပိန်ဘုရင်တွေ နေထိုင်သွားကြတာ ၁၈၁၅ ခုနှစ်အထိလို့ သိရတယ်။ အခုတော့ ရဲတိုက်ကြီးက Naples မြို့ရဲ့ အဓိက Architectural landmarks ဖြစ်ပြီး ပြတိုက်အဖြင့် public ကိုလေ့လာခွင့် ပြုထားပါတယ်။ ရဲတိုက်ရဲ့ အတွင်းပိုင်းတွေမှာ ရှေးဟောင်းတန်ဖိုးကြီး နံရံပန်းချီတွေ ရှိတာကြောင့် ကင်မရာကို ဖလက်ရှ်ဖွင့်ပြီး ဓါတ်ပုံရိုက်ခွင့် မပြုသလို အတွင်းမှာလည်း ပစ္စည်းတွေကို ထိကိုင်ခွင့် မရှိပါဘူး။

ရဲတိုက်ကြီးကထွက်တော့ ပွမ်ပေကိုဆက်သွားဖို့အတွက် Tour ကားကအဆင်သင့် အပြင်မှာစောင့်နေတယ်။ ပွမ်ပေဧရိယာထဲရောက်တော့ မြို့ဟောင်းထဲမဝင်ခင် ယခင်ရောမခေတ်က Gladiators တွေကိုထားတဲ့ လေ့ကျင့်ရေးကွင်းနေရာကို လိုက်ပြတယ်။

မြို့ဟောင်းထဲမဝင်ခင် ဂိုက်က ဆောင်ရန်ရှောင်ရန် စည်းကမ်းချက်တွေ ဖြစ်တဲ့ အမှိုက်မပစ်ဖို့၊ အထဲက နံရံပန်းချီတွေကို ကိုင်မကြည့်ဖို့၊ ကျောက်ခဲလုံးလေးကအစ အပြင်ကို ယူလာခွင့် မရှိကြောင်း စသဖြင့် briefing ပေးပါတယ်။

ပွမ်ပေက ဘီစီ ၇ရာစုလောက်က တည်ထောင်ခဲ့ပြီး ရောမတွေရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ တချိန်က စည်ကားခဲ့တဲ့ မြို့ငယ်လေးပါ။ အနီးနားမှာရှိတဲ့ မီးတောင်ကြီး ဗစ်ဆူးဗီးယက်စ် (Mount Vesuvius) ပေါက်ကွဲပြီး တစ်မြို့လုံး မီးတောင်ပြာတွေ၊ ချော်ရည်တွေအောက် ၆မီတာလောက် နစ်မြှပ်ပြီး အေဒီ၇၉ မှာလုံးဝ ပျောက်ကွယ်သွားခဲ့တယ်။ ရာစုနှစ်ပေါင်းများစွာ (နှစ်ပေါင်း၁၅၀၀ခန့်) ပျောက်ဆုံးမေ့လျော့နေခဲ့ကြပြီး နောက်ပိုင်း ၁၅၉၉ခုနှစ်လောက်ကမှ မြေအောက်လှိုင်ခေါင်းတွေ တူးဖော်ရာလုပ်ငန်းခွင်တစ်ခုကနေ မတော်တဆ ပြန်လည်တွေ့ရှိခဲ့ရာကနေ သုတေသနပညာရှင်များက ပြန်လည်တူးဖော်ခဲ့ကြလို့ အခုလိုအနေအထားအတိုင်း မြင်ကြရတယ်။ ပွမ်ပေက အီတလီရဲ့ popular အဖြစ်ဆုံး Tourist attraction တစ်ခုဖြစ်လာပြီး တစ်နှစ်ကို လာရောက်လည်ပတ်သူ ၃သန်းခန့် ရှိပါတယ်။ UNESCO အစောင့်ရှောက်ခံ World Heritage Site တစ်ခုလည်းဖြစ်တယ်။

မြင်ရတာတော့ မြို့ပျက်ကြီးနဲ့ အုတ်ပုံတွေပါပဲ .. တချို့အိမ်တွေကတော့ ပြန်တူးဖော်ထားတာ အကောင်းအတိုင်းနီးပါးခန့် ပြန်တွေ့ရပြီး တစ်ချို့နေရာတွေမှာ လက်ရှိ တူးဖော်နေကြတုန်းပါ။ စိတ်ဝင်စားမိတာ တစ်ခုက ရောမတွေရဲ့ မိန်းလမ်းမကြီးတွေနဲ့ အဲဒီခေတ်က drainage system ကိုပါ။  အိမ်တွေက မိန်းလမ်းမကြီးကို ကျောပေးပြီး ဆောက်ထားကြတယ် .. အညစ်အကြေးတွေနဲ့ မိလ္လာတွေကို ဒီအတိုင်း နောက်ဖေးက ကျောက်ခင်းလမ်းမကြီးပေါ် သွန်လိုက်ကြတယ် လို့ဆိုပါတယ်။ လမ်းမတွေက နိမ့်ရာကနေ မြင့်ရာကို ဖောက်ထားတဲ့အတွက် အိမ်တိုင်းစေ့က စွန့်လိုက်တဲ့ အညစ်အကြေးတွေက မြို့ပြင်ကိုစီးဆင်းသွားစေတယ်တဲ့။ အဲဒီတော့ လမ်းမကြီးတွေက လှည်းတွေ မြင်းတွေနဲ့ ခရီးသွားတွေလည်း သွားလို့ရတဲ့ လမ်းဖြစ်သလို အညစ်အကြေးတွေ စီးနေတဲ့ ချောင်းငယ်လေးလည်း ဖြစ်တယ်။ အဲဒီအတွက်ကြောင့် လမ်းရဲ့ နေရာတော်တော်များများမှာ လမ်းကူးရင် ခြေထောက်ကို အညစ်အကြေးတွေ မပေကျံဖို့အတွက် ခြေနင်းကျောက်တုံး (stepping stones) တွေ ထားထားတာကိုတွေ့တယ်။ လှည်းတွေ နွားတွေကတော့ ချေးတောသေးတောထဲ တစွပ်စွပ်နဲ့ နံနံဟောင်ဟောင် သွားကြရမှာကို မြင်ယောင်မိတယ်။

တူးဖော်ထားပြီးတဲ့ အိမ်တချို့ရဲ့ အတွင်းပိုင်းတွေကိုလည်း ဝင်ကြည့်လို့ရတယ်။ တချို့အိမ်တွေက ချမ်းသာတဲ့ နိုင်ငံရေးသမားတွေရဲ့အိမ်၊ တချို့ကတော့ သာမန်ကုန်သည်တွေရဲ့အိမ် စသဖြင့် အိမ်ပေါက်ဝတွေမှာ ကပ်ထားတဲ့ အညွှန်းဆိုင်းဘုတ်တွေမှာ ရေးထားတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ချီလောက်က ရောမတွေရဲ့ သာမန်လူနေမှု ဘဝကို လေ့လာရာမှာ ပွမ်ပေကတစ်ခုထဲသော အကောင်းဆုံးနဲ့ တန်ဖိုးအရှိဆုံး အရင်းအမြစ် ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့နေရာတွေမှာ ဒီလိုမျိုး အကောင်းနီးပါးအတိုင်း မြင်ရဖို့ မလွယ်တော့ပါဘူး။

ပွမ်ပေမြို့ကြီးပျက်စီးပြီး ချော်ရည်တွေအောက်ကို ရောက်ခဲ့စဉ်က မြို့နေလူ တော်တော်များများလည်း ချော်ရည်တွေအောက် နစ်မြှပ်သေဆုံးခဲ့ကြတယ်။ အတော်များများကို ပြန်လည်တူးဖော်ခဲ့ကြပြီး အချို့ကို  ပွမ်ပေမှာပြသထားပြီး အတော်များများကိုတော့ Naples မှာရှိတဲ့ National Archaeological Museum မှာပြသထားပါတယ်။

ရာသီဥတုက အရမ်းပူတော့ တစ်နေတာနေ့ချင်းပြန်ခရီးက အန်မတန်ပင်ပန်းခဲ့တယ်။ ဒီခရီးက အသက်ကြီးတဲ့ လူကြီးတွေ ကလေးတွေ နဲ့မသင့်တော်ပါဘူး ဘာလို့ဆိုတော့ အချိန်ပြည့် လမ်းလျောက်ရပြီး အတက်အဆင်းများတယ်။ အချိန်ပြည့် နေပူထဲမှာ ဖြစ်ပြီးတော့ နားစရာနေရာ ရှားပါတယ်။ မနက်၈း၃၀ Rome ကနေထွက်ခဲ့တာ ည၈နာရီဝန်းကျင်မှ ပြန်ရောက်တဲ့ တစ်နေကုန်ခရီးပါပဲ။