First time with SOCAR

SOCAR ဆိုတာ တောင်ကိုရီယားကုမ္ပဏီတစ်ခုက မလေးရှားမှာ လာပြီးတိုးချဲ့တဲ့ car sharing platform တစ်ခုပါ။ သတိထားမိတာက ကျနော်ငှားနေတဲ့ ကွန်ဒိုရဲ့ ကားပါကင်မှာ သူ့ရဲ့ Designated car parking လေးရှိပြီး SOCAR ဆိုတဲ့ စတစ်ကာလေးတွေ ကပ်ထားတဲ့ ကားအသစ်ကလေးတွေ သုံးလေးစီးတွေ့တယ်။

အဲဒါနဲ့ စမ်းကြည့်မယ်ဆိုပြီး သူ့ရဲ့အပလီကေးရှင်းလေးကို Apple store ကနေ download ဆွဲလိုက်တယ်။ ပထမဆုံး Register လုပ်ရတာပေါ့ .. ဒါကတော့ ထုံးစံအတိုင်း အီးမေးလ်တွေ ဖုန်းနံပါတ်တွေ ဖြည့်ပြီးဆက်သွားရတယ်။ Payment အတွက် Credit သို့မဟုတ် Debit ကဒ်တစ်ခု ဖြည့်ပေးရမယ်။ ပြီးရင် Verification လုပ်တဲ့အဆင့်ကျတော့ သူကနည်းနည်းထူးတယ်။ ကိုယ့်ရဲ့ IC သို့မဟုတ် Passport ဓါတ်ပုံပါတဲ့ စာမျက်နှာကို ကိုယ့်မျက်နှာနဲ့တွဲပြီး Selfie ရိုက်ထားတဲ့ဓါတ်ပုံရယ် နိုင်ငံခြားသားဖြစ်တဲ့အတွက် International Driving Permit ရယ်ကို Upload လုပ်ပေးရမယ် .. ပြီးရင် Approval ကိုစောင့်ပေါ့။

၂၄နာရီကနေ ၄၈နာရီကြာမယ်လို့ ပြောထားပေမယ့်လည်း ကျနော့်တုန်းကတော့ approval ကနာရီပိုင်းလောက်ပဲကြာပြီး approved ဖြစ်ကြောင်း SMS ရပါတယ်။ ဒါဆိုရင်တော့ SOCAR ရဲ့ Services ကိုစသုံးလို့ရပါပြီ။ ကိုယ့်ရဲ့အနီးအနားမှာရှိတဲ့ SOCAR Zone တွေမှာလိုချင်တဲ့ အချိန်နဲ့ ကြိုက်ရာကားကို ရွေးနိုင်တယ်။ တစ်လလောက်အထိ ကြိုတင်ပြီး လုပ်ထားလို့လည်း ရပါတယ်။ ကားအမျိုးအစားတွေကတော့ အစုံပါပဲ .. Honda City, HRV, Perodua Myvi, Axia, စတာတွေနဲ့ တချို့နေရာတွေမှာ Mini Cooper လေးတွေတောင် ရှိတယ်။

ဈေးအသက်သာဆုံးကတော့ 1000CC အင်ဂျင်နဲ့ မလေးရှားနိုင်ငံထုတ် Axia လေးတွေဖြစ်ပြီး တစ်နာရီကိုငှားရမ်းခ ၉ရင်းဂစ်လောက်ပဲကျပါတယ်။ အဲဒီဈေးက အသွားအပြန် (Round Trip) အတွက်ပါ .. ဆိုလိုတာက ကားကိုယူသွားတဲ့ နေရာမှာပဲ သတ်မှတ်ချိန်အတွင်း ပြန်ထားရမှာပါ။

စိတ်ကြိုက်ကားနဲ့ သုံးချင်တဲ့ အချိန်ကိုရွေးပြီးရင်တော့ ကားကို Reserve လုပ်ရပါတယ်။ Reserve လုပ်ထားပြီးတဲ့ကားကို ရွေးထားတဲ့အချိန်မတိုင်မီ ၁၀မိနစ်အလိုမှာ စသုံးလို့ရပါပြီ။ Mobile Apps ကိုပဲ Smart Key အဖြင့်သုံးပြီး ကားတံခါး အဖွင့် အပိတ်ကို လုပ်ရမှာဖြစ်ပြီး SOCAR ရဲ့ကားအားလုံးက Push Start ဆိုတော့ Physical Key လုံးဝမလိုတော့ပါဘူး။

ကားကိုစပြီးမသုံးခင်မှာ Car inspection လုပ်ပြီး ကားရဲ့ပတ်ပတ်လည်ကို ဓါတ်ပုံရိုက်၊  Apps ထဲမှာ upload လုပ်ပေးရတယ်။ အဲဒါပြီးမှ ကားတံခါးဖွင့်ဖို့အတွက် smart key က active ဖြစ်ပါတယ်။ Car inspection က ကားကိုစပြီးသုံးတဲ့အချိန်မှာရော၊ ပြန်ထားတဲ့ အချိန်မှာပါ လုပ်ပေးရပါတယ်။ အဲဒါပြီးရင်တော့ ကားကို smart key နဲ့ဖွင့်ပြီး သုံးနိုင်ပါပြီ။

ကားထဲက နေကာ (sun visor) မှာ ဓါတ်ဆီဝယ်ထည့်ဖို့အတွက် Petronas Smart Pay ကဒ်ကလေးထည့်ထားပေးပြီး နှိပ်ရမယ့် PIN နံပါတ်လည်း sticker လေးနဲ့ကပ်ထားပေးတယ်။ SOCAR ရဲ့ကားငှားခဈေးနှုန်းထဲမှာ ဓါတ်ဆီဖိုးပါတွက်ထားပြီးသား ဖြစ်တဲ့အတွက် ကားကိုဆီထည့်ဖို့ ကိုယ့်က ပေးစရာမလိုပါဘူး။ သူ့ရဲ့ကဒ်နဲ့ PIN နံပါတ်ကိုသုံးပြီးဝယ်ရုံပါပဲ။ Petronas ကဒ်ဖြစ်တဲ့အတွက် Petronas ဆိုင်တွေမှာပဲ ဆီထည့်လို့ရပါတယ် .. Petronas ကလည်းမလေးရှားမှာ နေရာအနှံ့ တော်တော်များများ ရှိတော့ အခက်အခဲမရှိပါဘူး။ သူ့ရဲ့ပေါ်လစီကတော့ ကိုယ်ကကားကို သုံးပြီးလို့ ပြန်ထားတဲ့အချိန် ကားထဲမှာ အနည်းဆုံးဆီက ၅၀ရာခိုင်နှုန်း ရှိရပါမယ်။ ၅၀ရာခိုင်နှုန်းထက် နည်းနေရင်တော့ ဆီဖြည့်ပြီးမှ ပြန်ထားရမယ်လို့ဆိုတယ်။ အဲဒါကို ပျက်ကွက်ရင် ဒဏ်ကြေးကို ကဒ်ထဲကနေ ဖြတ်ယူမှာပါ။

ကားတွေလည်းကောင်းပြီး ပြုပြင်ထိန်းသိမ်းတာလည်း ပုံမှန်လုပ်ပုံရပါတယ် .. လူအများသုံးကြပေမယ့် ကားတွေအခြေအနေက ဆိုးဆိုးဝါးဝါးမှာ ရှိမနေပါဘူး။ ဈေးနှုန်းကလည်း Grab ငှားစီးတာနဲ့စာရင် သက်သာတော့ ကားမဝယ်ဖြစ်သေးခင်မှာ ခဏခဏကို ငှားစီးဖြစ်တယ်။

မလေးရှား တစ်နိုင်ငံလုံးမှာတော့ မရနိုင်သေးပါဘူး။ လောလောဆယ်မှာတော့ ကွာလာလမ်ပူ၊ ပီနန်း၊ ဆိုင်ဘာဂျာယား နဲ့ ဂျေဘီ တို့မှာပဲ ရှိပါသေးတယ်။