Versailles

Paris ကိုရောက်တုန်း လည်ပတ်မယ့် အစီအစဉ်ထဲမှာ ဗာဆိုင်းကို တစ်ရက်သီးသန့် ဆွဲထားတယ်။ Netflix ကလာတဲ့ TV Series “Versailles” ကိုစွဲစွဲမြဲမြဲ ကြည့်ဖြစ်တာကြောင့်လည်း ဗာဆိုင်းကို အပြင်မှာသွားကြည့်ချင်စိတ် ဖြစ်တယ်။ အဲဒီတီဗီစီးရီးက ဗာဆိုင်းကို ဆောက်ခဲ့တဲ့ ပြင်သစ်ဘုရင် လူဝီ၁၄ရဲ့ အကြောင်းပါ။ နောက်ပြီး အမျိုးသမီးရဲ့ ငယ်သူငယ်ချင်း တစ်ယောက်ကလည်း ပြင်သစ်နိုင်ငံသားနဲ့ အိမ်ထောင်ကျပြီး ဗာဆိုင်းမှာနေတာဆိုတော့ သူတို့နဲ့ ဆုံဖို့လည်းရှိတာကြောင့် တစ်ရက်လုံး တခြားဘာမှ အစီအစဉ် မလုပ်ထားပဲ ဗာဆိုင်းမှာပဲ တစ်နေကုန်ပေါ့။

ဗာဆိုင်းနန်းတော်ထဲ ဝင်ခွင့်လက်မှတ်ကိုတော့ ခရီးမထွက်လာခင် ကထဲက အွန်လိုင်းကဝယ်ခဲ့တာ။ သူ့ရဲ့ official website ကနေဝယ်တာ တစ်ယောက်ကို ယူရို ၂၀ ကျပါတယ်။ အဲဒီကိုရောက်မှ ဝယ်ရင်လည်း ရပေမယ့် အကြာကြီးတန်းစီရပြီး အချိန်တွေပုပ်ပါတယ်။ Skip the line ticket တွေက ပိုက်ဆံပိုပေးရပေမယ့် ကိုယ်တွေလို အချိန်လုပြီး တစ်နေရာက တစ်နေရာကို ကူးကြရဖို့ရှိရင်တော့ ဝယ်ကိုဝယ်သင့်ပါတယ်။

သူငယ်ချင်းနဲ့ မနက်၉နာရီ ချိန်းထားတာကြောင့် ဗာဆိုင်းကို ရထား၂ဆင့် စီးသွားဖို့ စီစဉ်ထားခဲ့တာ။ ဟိုတယ်က Metro စတေရှင် Gare De lyon နဲ့ လမ်းလျှောက်ရင် ၅မိနစ်အကွာမှာဆိုတော့ မနက်ပိုင်း breakfast စားပြီးတာနဲ့ ထွက်ဖို့ပြင်ကြတယ်။ Google maps နဲ့လမ်းကြောင်းရှာတော့ သွားရမယ့်လမ်းမှာ တချို့ရထားတွေ ဒီနေ့မနက်ပိုင်း မထွက်ကြဘူးဆိုပဲ။ ဥရောပ တစ်ဝှမ်းလုံးက ရထားမောင်းသမားတွေ ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။ အဲဒီတော့ Uber နဲ့ပဲဟိုတယ်ကနေ ကားခေါ်လိုက်ရတယ်။ ပိုက်ဆံတော့ ပိုကုန်သွားပေမယ့် volkswagen passat ကားအသစ်ကြီးနဲ့ ဗာဆိုင်းကို သက်တောင့်သက်သာ ရောက်ရတယ်။ သူငယ်ချင်းနဲ့ ချိန်းထားတဲ့နေရာမှာ ဆုံကြပြီး သူကပဲ နန်းတော်ထဲဝင်ဖို့ လိုက်ပို့ပါတယ်။ ရောက်တော့ လူတော်တော်များများက လက်မှတ်ဝယ်ဖို့ တန်းစီနေကြပြီ။

ကြိုဝယ်ထားတဲ့ လက်မှတ်ကြောင့် လူတန်းကြီးကိုကျော်ပြီး တိုက်ရိုက်ဝင်ခွင့် ရပါတယ်။ နားကျပ်ပါတဲ့ လမ်းညွှန်စက်ကလေးလဲ တစ်ယောက်တစ်ခုစီ ရတယ်။ ဝင်ဝင်ချင်းမှာ ရင်ပြင်ကြီးကို မျက်နှာမူထားတဲ့ နန်းတော်အရှေ့ကို ရောက်တယ်။ အဲဒီအထဲက ဝရံတာတစ်ခုကနေ မိဖုရားကြီး Marie-Antoinette က စားစရာမရှိလို့ နန်းတော်ကို လာပြီး ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို ကြည့်ပြီး “ပေါင်မုန့်မရှိရင်လည်း ကိတ်မုန့်စားကြပေါ့ဟယ်” ဆိုတဲ့ ကမ္ဘာကျော်မယ့် စကားကို ပြောခဲ့တာလို့ ​ပြောကြပါတယ်။  တချို့​ပြောတာကလည်း မိဖုရာကြီးက ကိတ်မုန့်စားကြပါစေလို့ ပြောတာမဟုတ်ပဲ “Let them eat brioche.” လို့ပြောတာပါတဲ့။ (Brioche ဆိုတာ ထောပတ်တွေ ကြက်ဥတွေ ထည့်ဖုတ်ထားတဲ့ ပြင်သစ်ပေါင်မုန့်တစ်မျိုး)။ ဘာပဲပြောပြော အဓိပ္ပါယ်ကတော့ သိပ်မကွာလှဘူး။ ဒါပေမယ့် မိဖုရားကြီး မာရီအန်တွိုင်နက်က အဲဒီစကားတွေကို ပြောခဲ့ပါတယ်ဆိုတဲ့ သမိုင်းအထောက်အထားလည်း တိတိကျကျ မရှိပါဘူးတဲ့။

နန်းတော်ထဲက အခန်းအများစုကို ဝင်ကြည့်ခွင့် ရှိပါတယ်။ မြန်မာတို့ အိန္ဒိယတို့လောက်ပဲ ရွှေကြိုက်တတ်တယ် ထင်ထားမိတာ .. သူတို့ကမှ နန်းတော်တစ်ခုလုံးကို ဖိတ်ဖိတ်တောက်နေအောင်ကို ရွှေတွေနဲ့ အလှဆင်ထားတာပါ။ ဖတ်ဖူးတာတော့ ဘုရင်လူဝီ၁၄ က နန်းတော်သစ် ဗာဆိုင်းကို ပြည်သူပြည်သားတွေ ဆင်းရဲမွဲတေ သွားတဲ့အထိကို အဓမ္မ အခွန်တွေတိုးကောက်ပြီး စိတ်တိုင်းကျ ဆောက်ခဲ့တာတဲ့။

နန်းတော်သုံး ပရိဘောဂတွေကိုလည်း ရွှေအစစ်တွေကို သုံးပါတယ်။ နေရာတိုင်းမှာ sensor တွေတပ်ထားတဲ့အတွက် အခန်းထဲက ပြထားတဲ့ ပစ္စည်းတွေကို ထိကိုင်ခွင့်မရှိပါဘူး။ နှစ်ပေါင်း ၄၀၀လောက် ကြာပြီဖြစ်တဲ့ ရှေးဟောင်းပစ္စည်းတွေကို အကောင်းအတိုင်း ထိမ်းသိမ်းထားနိုင်တာကိုပဲ အင်မတန်လေးစားရပါတယ်။

ခမ်းနားလွန်းတဲ့ နန်းတော်ကြီးထဲမှာ သဘောအကျဆုံးက ပုံတူပန်းချီကားကြီးတွေ၊ နံရံပန်းချီတွေနဲ့ ဧရာမ မျက်နှာကျက် ပန်းချီကားကြီးတွေပဲ။ လူဝီ၁၄ မတိုင်ခင် ပါရီနန်းတော်နဲ့ ၁၆မိုင်လောက်ဝေးတဲ့ မြို့ပြင်မှာရှိတဲ့ ဗာဆိုင်းက အမဲလိုက်ထွက်တဲ့အခါ နားနေတဲ့ ယာယီနန်းတော် အဆင့်ပဲ ရှိတာပါ။ ၁၆၈၂ ခုနှစ်မှာတော့ နန်းတော်ကို ပါရီကနေ ဗာဆိုင်းကို တရားဝင် အပြီးပြောင်းရွေ့ခဲ့တယ်။

နန်းတော်ထဲက အခန်းတွေထဲမှာ နာမည်အကြီးဆုံး အခန်းက The Hall of Mirrors (မှန်နန်းဆောင်) ဖြစ်ပြီး စင်္ကြန်တစ်ခုလို ခပ်ရှည်ရှည် ခမ်းမဆောင်ကြီးပါ။ တစ်ဖက်တစ်ချက်မှာ ဘုရင်ရဲ့ အိပ်ခန်းဆောင်နဲ့ အခြားတစ်ဖက်မှာ မိဖုရားတွေရဲ့ အိပ်ဆောင်တွေ ရှိပါတယ်။ အဲလိုဆိုတော့ ဘုရင်က မိဖုရားတွေဆီ အဆောင်ကူးတဲ့အခါ ဒီခန်းမဆောင်ကြီးကို လမ်းလျှောက်ပြီးဖြတ်ရပါတယ်။ ခမ်းမကြီးထဲမှာ စိတ်ကိုကြည်လင်စေဖို့အတွက် အနုစိတ်တဲ့ အနုပညာလက်ရာတွေ၊ ဖန်မီးဆိုင်းတွေနဲ့ အလှဆင်ထားသလို လှမ်းကြည့်လိုက်ရင်လည်း အနောက်ဘက်က ဥယျာဉ်ကြီးကိုလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ မိန်းမတွေဆီ မရောက်ခင် mood ကောင်းနေဖို့လည်း လိုတယ်မလား 🙂

ဒီမှန်နန်းဆောင်ကို ဘုရင်ရဲ့ ဗိသုကာပညာရှင် Jules Hardouin-Mansart က ၁၆၇၈ ကနေ ၁၆၈၄ ထိ ၆နှစ်ခန့် အချိန်ယူပြီး တည်ဆောက်ခဲ့တာပါ။

အခန်းတစ်ခုထဲမှာ ဘုရင်လူဝီ၁၄ရဲ့ ပုံတူပန်းချီကားကြီးရှိတယ်။ ရှေးခေတ်က ပြင်သစ်တွေရဲ့ အဝတ်အစား ကြည့်ရတာ ယောက်ျားနဲ့ မိန်းမ အတော်ခွဲယူရမယ့် အနေအထားရှိတယ်။ ပြင်သစ်တွေက ဖက်ရှင်မှာ သိပ်ပြီး ရှေ့ရောက်လွန်းလို့ပဲလားတော့ မသိဘူး။

နန်းတော်ထဲမှာ ၃နာရီလောက် လျှောက်ကြည့်ပြီးတော့ အနောက်ဘက်က ဗာဆိုင်းရဲ့ နာမည်ကျော် ဥယျာဉ်ကြီးဆီ ထွက်ခဲ့ကြတယ်။ တစ်မိုင်ပတ်လည် ဝန်းကျင်လောက် ကျယ်တဲ့ ပန်းခြံကြီးကို ဘုရင်လူဝီ၁၄က စိတ်တိုင်းကျ ကိုယ်တိုင်ဦးစီးပြီး တည်ဆောက်ခဲ့တာပါ။ ဥယျာဉ်ကြီးထဲမှာ ရေကန်ကြီးတွေတူး၊ ပန်းပုရုပ်တွေ အများအပြားထည့်သွင်းပြီး အသေးစိတ်ကအစ ဘုရင်ကိုယ်တိုင် စီမံပြီး တည်ဆောက်ခဲ့တယ်လို့ သိရတယ်။

ဥယျာဉ်ကြီး တည်ဆောက်စဉ်က ရေကန်ကြီးတွေ တခုကနေတခုဆီကို ရေတွေသယ်ဖို့နဲ့ အလှပြရေပန်းတွေအတွက် မြေအောက်လိုဏ်ခေါင်းတွေလည်း အများအပြား ထည့်သွင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ရှေးခေတ်က မော်တာတွေ ပန့်ပ်တွေ မရှိတော့ ရေပန်းတွေက လူအင်အားနဲ့ manual မောင်းခဲ့တာလို့သိရတယ်။

ပန်းခြံထဲမှာ အချိန်တော်တော်ကုန်ပြီး လူလည်းခြေကုန်လက်ပမ်းကျတဲ့ အ​ခြေအနေကို ရောက်တယ်။ ညနေလည်း စောင်းခါနီးတာမို့ ဗာဆိုင်းက ပြန်ဖို့အတွက် ထွက်ပေါက်ဆီကို ပန်းခြံထဲကနေ လမ်းလျှောက်ထွက်ရပြန်တယ်။ ထွက်လာပြီး အပြင်ရောက်တော့လည်း ဒီအချိန်မှ အထဲဝင်ဖို့ တန်းစီနေကြတဲ့ တိုးရစ်တွေကို တွေ့ရသေးတယ်။

နန်းတော်ထဲက ထွက်လာပြီးတော့ သူငယ်ချင်းမိသားစုက သူတို့နေတဲ့ ဗာဆိုင်းမြို့ထဲမှာရှိတဲ့ အိန္ဒိယစားသောက်ဆိုင် တစ်ဆိုင်ကို လိုက်ပို့တယ်။ ဆိုင်က ပြင်သစ်ကော်ဖီဆိုင်ကလေးတွေလို လမ်းဘေးမှာ ခုံတွေ ခင်းထားတာပါ။ ဒံပေါက်တစ်ပွဲမှာပြီး နှစ်ယောက်စားတာတောင် ကုန်အောင် အတော်စားယူရတယ်။ ကောင်းလည်းတော်တော်ကောင်းတဲ့ ဒံပေါက်ပါ .. စားဖူးသမျှ မြန်မာပြည်အပြင်ဘက်က ဒံပေါက်တွေထဲ အကြိုက်ဆုံးလို့ပဲ ပြောပါရစေတော့။

စားသောက်အပြီး သူငယ်ချင်းမိသားစုကို နှုတ်ဆက် ဗာဆိုင်းကနေ ပြန်ဖို့လုပ်ရတယ်။ ရထားတွေလည်း ပုံမှန်ပြန်သွားနေပြီဆိုတော့ ရထား၂ဆင့် ပြောင်းစီးပြီး Paris မြို့ထဲကဟိုတယ်ကို ပြန်ခဲ့ကြတယ်။ ဗာဆိုင်းကနေ Paris ကို မိနစ်၅၀လောက် ရထားစီးရပါတယ်။

High speed train – Paris to Amsterdam

ပါရီကနေ အမ်စတာဒမ်ကို သွားမယ့်ခရီးက မထွက်လာခင်ကတည်းက ကြိုဝယ်ထားတာပါ။ လေယာဉ်နဲ့ သွားမယ်ဆိုရင်လည်း စရိတ်က သိပ်မကွာပေမယ့် High Speed Train မစီးဖူးသေးတာရော၊ ရထားက ကြားထဲမှာ ဘရပ်ဆဲလ် (ဘယ်လ်ဂျီယမ်) မှာခဏရပ်သေးတာကြောင့် ရှုခင်းလေးဘာလေးလည်း မြင်ရနိုင်တာကြောင့် ရထားလက်မှတ်ပဲ ဝယ်ဖြစ်လိုက်တယ်။

Paris Gare du Nord ဘူတာကနေ မနက်၈း၃၀ ထွက်မယ့်ရထားကို ဝယ်ထားတဲ့အတွက် ခပ်စောစောပဲ ဟိုတယ်ကနေ ချက်အောက်လုပ်ပြီး ဘူတာကို ရး၃၀ လောက်ကထဲက ရောက်တယ်။ ရထားလိုင်းအော်ပ​ရေတာ THALYS ရဲ့ Lounge မှာခဏဝင်နားပြီး ကော်ဖီသောက်တယ်။ ၈း၁၅ လောက်မှ ရထားပေါ်တက်လို့ရတယ်။ လေယာဉ်စီးသလို ချက်အင် လုပ်စရာမလိုပဲ ကိုယ်စီးရမယ့် တွဲနံပါတ်ကို ရှာပြီးတက်လိုက်ရုံပါပဲ။ အပေါက်ဝမှာ စောင့်နေတဲ့ ဝန်ထမ်းက လက်မှတ်မှာပါတဲ့ ဘားကုဒ်ကို စကန်ဖတ်ပြီး စစ်ပါတယ်။ ခရီးဆောင်အိတ်တွေနဲ့ ပစ္စည်းတွေကို ထားဖို့က ရထားတွဲတိုင်းရဲ့ အစွန်း၂ဘက်မှာ စင်ကလေးတွေ လုပ်ပေးထားတယ်။

Thalys အမြန်ရထားလိုင်းက ဥရောပမှာ အကောင်းဆုံးနဲ့ သက်တောင့်သက်သာ အရှိဆုံးဆိုပြီး နာမည်ကျော်ပါတယ်။ ဘူတာကနေ ထွက်လာပြီးတော့ Paris ရဲ့  မြို့ပြင်ကရပ်ကွက်လေးတွေကို အဖြတ်မှာတော့ ရထားက ဖြည်းဖြည်းပဲ ပုံမှန်​မောင်းတယ်။ ရန်ကုန်က ရထားလမ်းဘေး မြင်ကွင်းနဲ့ သိပ်အကွာကြီးတော့ မဟုတ်ဘူး .. အမှိုက်တွေနဲ့၊ နေရာတကာမှာ Graffiti ဆွဲထားတာတွေနဲ့ ရှုပ်ပွနေတာပါပဲ။

ဘူတာကထွက်ပြီး အတော်လေးကြာတော့ ရထားက အရှိန်ကို တဖြည်းဖြည်းတင်လာတာကို သတိထားမိတယ်။ စားစရာတွေ လာချပေးတော့ သောက်စရာဝိုင်အဖြူကို ရွေးလိုက်တယ် .. CHATEAU MEZAIN ဆိုတဲ့ ပြင်သစ်ဝိုင်။ ရထားက အမြန်ဆုံးတစ်နာရီကို ကီလိုမီတာ၃၀၀နှုန်းလောက်ထိ မောင်းနိုင်တယ်လို့ သိရတယ်။ ဒါပေမယ့် တချို့လမ်းပိုင်းတွေမှာ မြန်ပြီး တချို့နေရာတွေမှာ မြန်နှုန်းအပြည့်မမောင်းပဲ အရှိန်လျော့ပါတယ်။ ပါရီကနေ ဘရပ်ဆဲလ် (၃၁၅ကီလိုမီတာ) ကို တစ်နာရီလောက်ပဲ မောင်းပြီး၊ ဘရပ်ဆဲလ် ကနေ အမ်စတာဒမ် (၂၁၈ကီလိုမီတာ) ကိုတော့ ၂နာရီလောက်ကြာအောင် မောင်းပါတယ်။

လမ်းတလျှောက်လုံး ရှုခင်းတွေကတော့ အစုံပါပဲ .. ဥရောပဘက်မှာပဲ တွေ့နိုင်တဲ့ လျှပ်စစ်တာဘိုင်တွေအတွက် လေရဟတ်ကြီးတွေ၊ မျက်စိတဆုံးတွေ့ရတဲ့ ဂျုံခင်းလား စပါးခင်းလား မသိရတဲ့ လယ်ကွင်းတွေနဲ့ သိပ်လှပါတယ်။ ရထားက မြန်လွန်းတော့ ရှုခင်းတစ်ခုကို ကြာကြာမငေးနိုင်ပါဘူး .. လှစ်ခနဲဆို နောက်မှာကျန်ခဲ့တာပါပဲ။ ဘရပ်ဆဲလ် မှာရပ်တော့ လူတွေတော်တော်များများ ဆင်းသွားပြီး ရထားပေါ်တောင် လူသိပ်မကျန်ပါဘူး။ ဆွဲထားတဲ့ ခရီးစဉ်ထဲမှာ ဘယ်လ်ဂျီယမ်ကို ဝင်လည်ဖို့မပါတော့ ရထားပေါ်ကနေပဲ ရသမျှမြင်ကွင်းတွေငေးရင်း စိတ်ဖြေရတယ်။ စုစုပေါင်း ၃နာရီကျော်လောက် ရထားစီးပြီးတော့ အချိန်မှန်ပဲ အမ်စတာဒမ်ကို ရောက်ပါတယ်။

KLIA Express

မလေးရှားကို ရောက်ပြီးကထဲက ဘယ်သွားသွား Grab ကိုပဲအားကိုးပြီး သွားဖြစ်နေတော့ မလေးရှားရဲ့ Public Transport ကိုတော့ အတွေ့အကြုံ မရှိသလောက် စိမ်းပါတယ် .. ပြောရရင် စင်္ကာပူလောက် လွယ်လွယ်ကူကူ မရှိတော့ အလွယ်လိုက်ပြီး Grab ပဲစီးဖြစ်နေတော့တာ။ ပြီးခဲ့တဲ့ အပတ်က BTS (Terminal Bersepadu Selatan) ကားဂိတ်မှာ အမျိုးသမီးကို သွားကြိုဖို့ရှိလို့ အချိန်လည်းရတာနဲ့ KLIA Express ကိုစီးကြည့်ဖို့ စိတ်ကူးရတယ်။ လမ်းစရိတ်အနေနဲ့ တွက်ရင်တော့ သိပ်မထူးခြားပဲ နည်းနည်းတောင် အလုပ်ရှုပ်ပါသေးတယ်။ ကျနော်နေတဲ့ Cyberjaya ကနေ Putrajaya Sentral ကို Grab စီးရမယ် .. ပြီးရင် KLIA Express အတွက်လက်မှတ်ကို ဝယ်ရဦးမယ်။ အဲဒီတော့ BTS ကိုတိုက်ရိုက် Grab ငှားလိုက်တာက အချိန်ကုန်သက်သာပြီး စရိတ်က အတူတူလောက်ပါပဲ။

KLIA Express က ခရီးစဉ် အစအဆုံး ၂၈မိနစ်ကြာပြီး ကွာလာလမ်ပူမြို့လယ် (KL Sentral) ကနေ အပြည်ပြည်ဆိုင်ရာလေဆိပ် နှစ်ခုဖြစ်တဲ့ KLIA နှင့် KLIA2 တို့ကိုသွားတဲ့ လျှပ်စစ်အမြန်ရထားပါ။ အန်မတန်ဆိုးတဲ့ ကွာလာလမ်ပူရဲ့  Traffic ကိုရှောင်ဖို့အတွက်တော့ ကောင်းပါတယ် .. သို့ပေမယ့် စျေးများပါတယ်။ သူကခရီးစဉ် အစအဆုံး (လေဆိပ်ကနေမြို့ထဲ) စီးရင် တစ်ယောက်ကို RM55 ပါ။ ဒါကြောင့် နှစ်ယောက် သို့မဟုတ် သုံးယောက်ဆိုရင်တော့ တက္ကစီ ဒါမှမဟုတ် Grab စီးတာက တစ်နာရီဝန်းကျင်လောက် အချိန်ပေးရပေမယ့် ပိုသက်သာပြီး အိမ်သို့မဟုတ် ဟိုတယ်အရှေ့ထိ ရောက်ပါတယ်။

Putrajaya Sentral ကကြားဘူတာဖြစ်ပြီး ​ခြောက်ကပ်ပြီး လူသိပ်မရှိပါဘူး။ လက်မှတ်ကို အရောင်းကောင်တာမှာ ဝယ်လို့ရသလို လက်မှတ်ရောင်းတဲ့ စက်မှာလည်း ဝယ်လို့ရတယ်။ ကျနော်ကတော့ စက်မှာ ခရက်ဒစ်ကဒ်နဲ့ ပေးဝယ်တော့ 10% discount ရတဲ့အတွက် Putrajaya ကနေ BTS ကို RM7.10 ကျပါတယ်။

ဘူတာမှာလည်း လူတွေသိပ်မများပါ .. ရထားက ၁၅မိနစ်တစ်စီး ထွက်နေတာဆိုတော့ အကြာကြီးတော့ စောင့်စရာမလိုဘူးပေါ့။

ရထားက လေဆိပ်ဘက်ကထွက်လာတယ် ဆိုပေမယ့် လူလည်းသိပ်ပြီး ဟုတ်တိပတ်တိ ပါလာတာမတွေ့ရပါ။ အဓိက ကတော့ စျေးများတဲ့အတွက် နိုင်ငံခြားသားနဲ့ တိုးရစ်တွေပဲ စီးကြတာပါ။ ရထားက သန့်ပြန့်ပြီး အဆင့်မြင့်ပါတယ်။ Putrajaya ကနေ BTS ကို ၁၀မိနစ်လောက်ပဲ ကြာတယ်။

 

 

Schengen Visa in Singapore

စင်္ကာပူက ပြင်သစ်သံရုံးမှာ Schengen ဗီဇာလျှောက်တုန်းက အတွေ့အကြုံပါ။ Schengen ဗီဇာအတွက် ဘယ်သံရုံးကို ဝင်လျှောက်ရမှာလဲဆိုတာက ကိုယ်ဆွဲထားတဲ့ ခရီးစဉ်ပေါ်မှာ မူတည်ပါတယ်။ သူတို့​ပြောထားတဲ့ requirement ထဲမှာတော့ ခရီးစဉ်ထဲက အဓိကနေမယ့်နိုင်ငံ (ရက်အများဆုံးနေမယ့် နိုင်ငံ) ရဲ့သံရုံးကို သွားလျှောက်ရမယ်လို့ ​ပြောထားပါတယ်။ အဲဒီအချက်ကို သေချာနားမလည်လိုက်တဲ့အတွက် ကျနော့်တုန်းက သံရုံးကို ၂ခေါက်သွားလိုက်ရပြီး စိတ်မောလူမော ဖြစ်သွားတယ်။ ကျနော့်ခရီးစဉ်က ပြင်သစ်ကိုဝင်ပြီး အပြန်လည်း ပြင်သစ်ကပဲ ပြန်မှာဆိုတော့ ပြင်သစ်သံရုံးမှာ လျှောက်ရမယ်လို့ ထင်ခဲ့တာပါပဲ။ သို့ပေမယ့် အီတလီမှာ လည်ပတ်စရာများတော့ နေမယ့်ရက်တွေက ပြင်သစ်မှာနေမယ့် ရက်တွေထက်များနေတယ်။ အဲဒီတော့ ပထမဆုံးအခေါက် ရက်ချိန်းယူပြီး သံရုံးကိုသွားတော့ ခရီးစဉ်စာရွက်နဲ့ Booking  တွေကိုကြည့်ပြီးတော့ အီတလီသံရုံးမှာပဲ သွားလျှောက်ပါဆိုပြီး ငြင်းပါတယ်။ အီတလီသံရုံးကတော့ ဗီဇာကိစ္စတွေကို ကိုယ်တိုင်မလုပ်ပဲ  BLS International ဆိုတဲ့ကုမ္ပဏီကို လွှဲထားတယ်။ ပြင်သစ်သံရုံးက လက်မခံတော့ BLS ကိုချက်ခြင်းဖုန်းဆက်ပြီး မေးတော့ appointment ကနောက်တစ်လကုန်တဲ့အထိ မရနိုင်တော့ဘူးလို့ ​ပြောပါတယ်။ အားလုံးကလည်း စီစဉ်ထားပြီသားဆိုတော့ ပြင်သစ်သံရုံးကိုပဲ နောက်တစ်ခါ appointment ရဖို့ ကြိုးစားရတယ်။ ကံကောင်းတော့ နောက်တစ်ပတ်အကြာမှာ appointment ရပါတယ်။ ​ဒီတော့ မူလရှိပြီးသား ဆွဲထားတဲ့ ခရီးစဉ်ကို ပြန်ပြောင်းပြီးဆွဲရပါတယ်။ ပြင်သစ်မှာ နေတဲ့ရက်များအောင်လို့ တစ်ချို့ Booking တွေကို အသစ်လုပ်ရတယ်။ အားလုံးကို Booking.com ကနေ ပိုက်ဆံကိုကြိုမဖြတ်ပဲ Free Cancellation လုပ်လို့ရတာတွေပဲ ရွေးလိုက်တယ်။ အဓိကက ဗီဇာရဖို့က အရေးကြီးတယ် မဟုတ်လား .. နောက်မှခရီးစဉ်ကို စိတ်ကြိုက် ပြန်ဆွဲလို့ ရပါတယ်။

ဗီဇာလျှောက်ဖို့အတွက် အရင်ဆုံး ပြင်သစ်သံရုံး ရဲ့ဝက်ဘ်ဆိုဒ် ကိုသွားရမယ်။

https://sg.ambafrance.org/Applying-for-a-French-visa-in-Singapore-4422

အဲဒီမှာ account ကို register လုပ်ရပါလိမ့်မယ်။ လူတစ်ယောက်ကို account တစ်ခုလုပ်ရပါလိမ့်မယ် .. မိသားစုဆိုပြီးလည်း တစ်ခုထဲလုပ်လို့ မရပါဘူး။ အကောင့်န်ရပြီဆိုရင် application form အတွက်လိုအပ်တာတွေ ဖြည့်ရမယ် .. ပြီးရင် အဲဒီ form ကိုသိမ်းထားပြီး print ထုတ်ထားရတယ်။

Appointment မလုပ်ခင်မှာ လိုအပ်မယ့် စာရွက်စာတမ်းတွေ ပြင်ဆင်ရတယ်။

၁။ application form (အခုဏက ဝက်ဘ်ဆိုက်ထဲမှာ ဖြည့်ပြီး print ထုတ်ထားတဲ့ form)

၂။ ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံတစ်ပုံ

၃။ စင်္ကာပူက ထုတ်ပေးထားတဲ့ နေထိုင်ကြောင်း အထောက်အထား (EP/SPass သို့မဟုတ် PR ကဒ်မိတ္တူ တစ်စုံ)

၄။ ပတ်စ်ပို့ မိတ္တူ (ဓာတ်ပုံပါတဲ့ အရှေ့စာမျက်နှာ)

၅။ ခရီးစဉ်တလျှောက် ဟိုတယ်ဘွတ်ကင် နှင့် လေယာဉ်လက်မှတ် မိတ္တူများ

၆။ ခရီးသွားအာမခံ (ကျနော်ကတော့ NTUC ကနေပဲ ခရီးတစ်ခုလုံးအတွက် ဝယ်လိုက်တယ် .. သက်သာပါတယ်။)

၇။ Bank statements နဲ့ pay slips ၃လစာ မိတ္တူ

၈။ Employment letter ( ရာထူး, လစာ, အလုပ်စဝင်တဲ့ရက် နဲ့ ခရီးသွားမယ့် ရက်တို့ ပါရပါမယ်။)

၉။ ဗီဇာကြေး ၆၀ ယူရို (စင်္ကာပူဒေါ်လာနဲ့သာ တွက်ပြီးယူပါတယ်)

စာရွက်စာတမ်းတွေ ပြည့်စုံရင်တော့ သံရုံးဝက်ဘ်ဆိုဒ် မှာ appointment လုပ်ပါတယ် .. အဆင်​ပြေမယ့် ရက်နဲ့အချိန်ကို ရွေးလို့ရပါတယ်။

ရွေးထားတဲ့ ရက်ရောက်ရင်တော့ သံရုံးကို စာရွက်စာတမ်းတွေ ယူပြီးသွားယုံပါပဲ။ နာရီဝက်လောက်တော့ ကြိုပြီးရောက်နေရင်လည်း ပိုကောင်းတယ် .. နောက်ကျရင်တော့ လူအများကြီး တန်းစီရလိမ့်မယ်။ appointment ကတစ်စောင်စီ ဆိုပေမယ့် မိသားစုလို့  ပြောလိုက်ရင် အတူတူပေးဝင်ပါတယ်။

အထဲရောက်လို့ စာရွက်စာတမ်း စစ်ဆေးပြီး ပြည့်စုံရင် လက်ဗွေနှိပ်ယူပါမယ် .. ဗီဇာကြေး ပေးရမယ်။ လက်ခံ စလစ်တစ်စောင်ပြန်ပေးမယ် .. ဒါပါပဲ။ နောက်ထပ် ရုံးဖွင့်ရက် ၃ရက်အကြာ ညနေပိုင်းမှာ ပတ်စ်ပို့ကို အဲဒီစလစ်နဲ့ လာပြန်ယူရမှာပါ။ လူအားလုံး လာစရာမလိုတော့ပါဘူး၊ တစ်ယောက်ထဲကပဲ မိသားစုဝင်တွေရဲ့ စလစ်တွေ ယူလာလို့ရတယ်။

ဗီဇာရပြီးပြီ ဆိုရင်တော့ ခရီးစဉ်ကို စိတ်ကြိုက် ပြန်ဆွဲလို့ရပါပြီ။ ပြင်သစ်မှမဟုတ်ပဲ ဘယ်နိုင်ငံကနေမဆို Schengen ဧရိယာကို ရက်၉၀အထိ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် လုပ်နိုင်ပါပြီ။

 

MH743 Business Class

MH743 က မလေးရှားအဲလိုင်းရဲ့ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်ပါ။ မလေးရှားအဲလိုင်းမှာ MH Upgrade ဆိုတဲ့ အစီအစဉ်တစ်ခုကိုတော့ သဘောကျတယ်။ သူက လက်မှတ်ဝယ်ထားပြီးလို့ ခရီးသွားမယ့်ရက် နီးလာရင် သူ့မှာရှိတဲ့ Business Class ခုံတွေလွတ်တဲ့အပေါ် မူတည်ပြီး Economy ကနေ Business Class ကို Upgrade လုပ်မလားဆိုပြီး offer တောင်းတဲ့ notification ပေးပါတယ်။ သူတို့သတ်မှတ်ထားတဲ့ အနိမ့်ဆုံး rate ကနေစပြီး အဆင်ပြေရာကို offer ပေးလိုက်နိုင်တယ် .. ပြီးရင် approval ကိုစောင့်ပါ။ များသောအားဖြင့် ကိုယ်က rate အနည်းဆုံးကို offer ပေးလိုက်ပေမယ့် သူတို့ဆီမှာ Business Class ခုံတွေလွတ်နေတာများရင် ရနိုင်ပါတယ်။ ဆိုတော့ .. အများကြီးထပ်မပေးရပဲ Business Class ကိုစီးလို့ရမယ့် အခွင့်အရေးပါ။

Business Class က check in baggage အတွက် ကီလို၄၀ ရမယ်၊ ချက်ကင်ဝင်တဲ့အခါ သီးသန့်နေရာကနေ စောင့်စရာမလိုပဲ ဝင်လို့ရမယ် (မလေးရှားအဲလိုင်းမှာ များသောအားဖြင့် ချက်ကင်ဝင်ဖို့ လူအများကြီး တန်းစီပြီး အကြာကြီး စောင့်ရတတ်တယ် .. သူကဗီဇာလည်းလိုတဲ့ နိုင်ငံဖြစ်တော့ စစ်တာဆေးတာနဲ့ ကြာတာလည်း ဖြစ်နိုင်တယ်။)၊ ရန်ကုန်လေဆိပ်က Lounge တွေမှာ လေယာဉ်ပေါ်မတက်ခင် အနားယူ စားသောက်လို့ရမယ်။ ကျနော်ကတော့ ထွက်မယ့်ဂိတ်အမှတ်(၉)နဲ့နီးတဲ့ Mingalar Sky Lounge ကိုပဲရွေးဖြစ်တယ်။

Boeing 737-800 အမျိုးအစားဆိုတော့ လေယာဉ်က သေးပါတယ် .. ကြာချိန်ကလည်း ၂နာရီကျော်ဆိုတော့ သူ့ရဲ့ Business Class ဝန်ဆောင်မှုကိုတော့ အများကြီး မျှော်လင့်ထားလို့တော့ မရပါဘူး။ Welcome drink အဖြင့် လေယာဉ်မယ် တစ်ယောက်လိုက်ဝေတဲ့ အထဲမှာ orange Juice နဲ့ red guava juice ပဲပါတာတွေ့တယ်။ ဝိုင် သို့မဟုတ် ရှန်ပိန်လိုချင်ရင်တော့ တောင်းသောက်ရပါလိမ့်မယ်။  မွတ်စလင်နိုင်ငံပိုင် အဲလိုင်း ဖြစ်လို့လားတော့ မသိပါဘူး တခြာအဲလိုင်းတွေလို Alcohol နဲ့ ပတ်သက်ပြီး သိပ်ပြီး ဟက်ပီးမဖြစ်သလိုပါပဲ။

စားစရာမီနူးထဲမှာလဲ ရွေးစရာ main courses က ၃မျိုးပဲပါတယ် .. ကိုယ်က အမဲသားလည်း မစားပြန်တော့ နှစ်ခုထဲက တစ်ခုကိုပဲ ရွေးရတယ်။ Alcohol တွေကိုတော့ မီနူးထဲမှာတောင် ထည့်မထားပေးပါဘူး။ Request လုပ်ရင်တော့ ပေးပါတယ်။

MH743_business

အစားအသောက်တွေကတော့ သိပ်အကောင်းကြီး မဟုတ်ပေမယ့် အဆင်ပြေပါတယ်။ restaurant dining ပုံစံမျိုး မဟုတ်ပဲ ဒီအတိုင်း Tray နဲ့ပဲ ကျွေးတာပါ။ ထိုင်ခုံတွေလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ သက်တောင့်သက်သာ ရှိပါတယ်။ ရုပ်ရှင်ကြည့်ချင် ကြည့်လို့ရအောင်လို့ လာပေးထားတဲ့ Noise cancelling head phone ကတော့ တော်တော်လေး ကောင်းတယ်။ လေယာဉ်က အချိန်မှန်ပါပဲ KLIA လေဆိပ်ကို ည၈နာရီခွဲမှာ ရောက်ပါတယ်။

KLIA လေဆိပ်မှာလည်း ထုံးစံအတိုင်း အင်မီဂရေးရှင်းကို ဝင်ဖို့ လူတွေကျပ်ခဲပြီးတန်းစီနေကြတာပဲ။ Business / First Class ခရီးသည်တွေအတွက် သီးသန့်လိုင်းလေးမှာတော့ လူရှင်းပါတယ်။ ၁၀မိနစ်ထဲနဲ့ အပြင်ကိုရောက်တော့ အိတ်တွေက ရောက်နှင့်နေပြီ။