Jungfraujoch – Top of Europe

မနက်စောစော ဟိုတယ်ကနေ Tram စီးပြီး Sihlquai ကားဂိတ်ကိုသွားတယ်.. နည်းနည်းစောနေသေးလို့ အရှေ့နားက Zurich Central Station ဘူတာရုံကြီးထဲက ကော်ဖီဆိုင်ကလေးမှာ ကော်ဖီတစ်ယောက်တစ်ခွက်နဲ့ မုန့်တစ်ခုစီစားရင်း စောင့်ရတယ်။ ၁၅မိနစ်အလိုလောက်မှ ကားပေါ်တက်ကြတော့ ကားပေါ်မှာ လူတောင်တော်တော်များနေပြီ။ ဝယ်ထားတဲ့ Tour Package က Zurich ကနေ Jungfraujoch ကိုနေ့ချင်းပြန်ခရီးပါ။ ကားက ၈း၃၀ မှာ ဇူးရစ်ကနေစထွက်ပြီး လမ်းတစ်လျှောက်က မြေအောက်ဥမင်လှိုင်ခေါင်းတွေ ရွာတွေကို ဂိုက်ကတောက်လျှောက် ရှင်းပြရင်း ရယ်စရာတွေလည်းပြောတယ်။ ဂိုက်က Mr Kid ဆိုတဲ့ တရုတ်အမျိုးသား ခပ်နွဲ့နွဲ့နဲ့ အင်မတန်ပရော်ဖက်ရှင်နယ် ပီသပြီးဂရုစိုက်တတ်သူတယောက်ဆိုတာ အပြုအမူကိုကြည့်ပြီးသိရတယ်။ အရင်ဆုံး ဦးတည်သွားတာက Interlaken ဆိုတဲ့မြို့ကလေးကိုပါ အဲဒီကနေတဆင့် တောင်ပေါ်ကိုတက်ဖို့ ရထားစီးရမှာ။ Interlaken မှာ မိနစ်၃၀လောက် အနားပေးပြီး ဓါတ်ပုံရိုက်သူရိုက် အဆာပြေစားသူစားနဲ့ .. ရွာကလေးက အတော်လှပြီး လှမ်းကြည့်လိုက်ရင် နှင်းဖုံးတဲ့ တောင်တွေကို လှမ်းမြင်နေရပါတယ်။

P6083530
P6083531

Interlaken ကနေရထားကို နှစ်ဆင့်စီးပြီး တောင်ပေါ်ကို သွားရမှာပါ။ ပထမဆုံး Grindelwald ဆိုတဲ့ တောင်​ခြေကရွာကလေးကိုရောက်မယ် .. အဲဒီကနေတဆင့် တောင်ပေါ်တက်တဲ့အခါ အရမ်းမတ်ပြီး လှိုင်ခေါင်းတွေထဲက သွားရမှာဖြစ်လို့ အထူးပြုလုပ်ထားတဲ့ cogwheel ရထားကိုပြောင်းစီးရမှာပါ။

Grindelwald ကိုအသွားလမ်းမှာ ရှုခင်းတွေက ​ပြောမပြတတ်အောင်လှပါတယ်။ တောင်ကြားတွေထဲက ဆွစ်ရွာလေးတွေက ချစ်စရာကောင်းတယ်။ နှင်းကျတဲ့ ဆောင်းတွင်းဘက်အချိန်တွေဆိုရင် ဒီရွာလေးတွေမှာ နှင်းတွေဖုံးပြီး ဧည့်သည်တွေနဲ့ စည်စည်ကားကား ရှိတယ်လို့သိရတယ်။

P6083426
P6083427
P6083422
P6083429

ရထားက အမြင့်ကိုတဖြည်းဖြည်းတက်လာလေ အပူချိန်က လျော့ကျလာလေပဲ .. တိုက်တဲ့လေက တော်တော်ကို အေးစိမ့်လာနေတော့ တောင်ပေါ်သာရောက်ရင် ဘယ်လောက်အေးမလဲဆိုတာ ခန့်မှန်းလို့ရတယ်။ Interlaken ကနေ တောင်ခြေကရွာကလေး Grindelwald ကိုရောက်ဖို့ နာရီဝက်လောက် ကွေ့ကွေ့ကောက်ကောက် တက်လိုက်ဆင်းလိုက်နဲ့ မောင်းရတယ်။

P6083527
P6083438
P6083430
P6083447

Grindelwald ကနေ Cogwheel Train ကိုပြောင်းစီးကြပြီး တောင်ပေါ်ကို တက်ကြရပြန်တယ်။ ရထားတက်တဲ့လမ်းက ၃၅ဒီဂရီလောက် တစ်ချို့နေရာတွေမှာ မတ်ပြီး၊ ကျောက်တောင်တွေကို ဖောက်ထားတဲ့ ဥမင်လှိုင်ခေါင်းတွေထဲကလည်း ဖြတ်ကြရတယ်။ ခဏနေတော့ ပတ်ဝန်းကျင်တစ်ခုလုံးက နှင်းဖုံးတဲ့ တောင်တွေချည်းပဲ ဖြစ်လာတယ်။ ဒီမြင်ကွင်း အတွေ့အကြုံ တစ်ခုထဲနဲ့တင် ဈေးကြီးတဲ့ ဒီ Tour Package ကို ဝယ်ရတာတန်တယ်လို့ ကိုယ့်ဟာကိုယ်ပဲ ကျေနပ်ရတယ်။

P6083451
P6083457
P6083493

Jungfraujoch ကိုဂျာမန်အသံထွက်နဲ့ “ယောင်ဖရိုယို့” ဆိုပြီးအသံထွက်တယ်။ Alps တောင်တန်းပေါ်က ဥရောပရဲ့ အမြင့်ဆုံး ရထားဘူတာရုံကလေး ရှိတဲ့နေရာ။ အမြင့်ပေ ၃၄၅၄ မီတာ (၁၁၃၃၂ ပေ) မှာရှိပြီးတော့ တစ်နှစ်ပတ်လုံး နှင်းတွေ ရေခဲတွေကို တွေ့နိုင်တဲ့နေရာ ဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး နက္ခတ္တဗေဒဆိုင်ရာ သုတေသနမျှော်စင် (The Sphinx Observatory) လည်းအဲဒီပေါ်မှာရှိတယ်။ Jungfraujoch ရဲ့ ရထားလမ်းနဲ့ ဥမင်တွေကို ဖောက်လုပ်ဖို့ စိတ်ကူးရခဲ့သူက Adolf Guyer-Zeller ဆိုတဲ့ ဆွစ်လူမျိုး စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ပါ။ ၁၈၉၆ ခုနှစ်ကနေ စတင်ဖောက်လုပ်တာဖြစ်ပြီး အမျိုးမျိုးသော အခက်အခဲတွေကြောင့် ၁၆နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ အဲဒီခေတ်အခါက စက်ကိရိယာအကူအညီ မပါပဲ ကြမ်းတမ်းတဲ့ ရာသီဥတုကြားထဲမှာ လူအားနဲ့ ဆောက်လုပ်ခဲ့တဲ့ ပရောဂျက်ကြီးက အံ့ဖွယ်တစ်ခုဖြစ်ပါတယ်။

၁၉၁၂ ခုနှစ်ကနေစပြီး တိုးရစ်(စ်) တွေအတွက် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ဆွစ်ဇာလန်ရဲ့ ထိပ်တန်း Tourist Attraction တစ်ခုဖြစ်ခဲ့ပါတယ်။

P6083502
P6083501
P6083498
P6083500

အပေါ်မှာတော့ အပူချိန်က -3℃ လောက်ပဲရှိပေမယ့် ကျနော်တို့ ရောက်တဲ့နေ့က နေသာနေတဲ့အတွက် အပြင်ဘက်က နေရောင်ရတဲ့ ကွင်းပြင်ကိုထွက်လိုက်ရင် နည်းနည်းသက်သာပါတယ်။

နေကာမျက်မှန်သာ မပါရင်တော့ နှင်းတွေကို ရောင်ပြန်ဟပ်တဲ့ နေရောင်ကြောင့် မျက်လုံးတောင် ဖွင့်နိုင်မယ်မထင်ဘူး။ အပေါ်မှာ စားသောက်ဆိုင်ကလေးရယ်၊ ချော့ကလက်ဆိုင်၊ လက်ဆောင်ပစ္စည်းဆိုင်ကလေးတွေနဲ့ စာတိုက်ရုံးကလေးလည်း ရှိတယ်။

၂နာရီလောက် အပေါ်မှာနေဖို့ အချိန်ရပြီး မွန်းလွဲ ၃နာရီလောက်မှာ အောက်ကိုပြန်ဆင်း ခဲ့ကြတယ်။ အလာတုန်းကအတိုင်းပဲ ရထား၂ဆင့်စီး၊ Interlaken မှာစောင့်နေတဲ့ ကားကိုစီးပြီး ဇူးရစ်ကိုပြန်ရတယ်။

တကယ့်ကို တစ်နေကုန်ခရီး စစ်စစ်ပါပဲ .. Zurich ကဟိုတယ်ကို ညခုနှစ်နာရီခွဲလောက်မှပဲ ပြန်ရောက်တယ်။

Naples and Pompeii

Rome ကနေ ပွမ်ပေ (Pompeii) ကိုသွားတဲ့ နေ့ချင်းပြန် Tour package တစ်ခုကို ဝယ်ပြီး သွားတာပါ။ ရောက်တဲ့အချိန်က သူတို့ရဲ့ Summer အလယ်တည့်တည့်ကြီးဆိုတော့ နေခင်းပိုင်းတွေ တအားပူပြီး ညပိုင်းနဲ့ မနက်စောစောပိုင်းတွေလောက်ပဲ အနည်းငယ်အေးသယောင်ယောင် ရှိတယ်။ Tour ကမနက်၈း၃၀ စထွက်ဖို့ ချိန်းထားတော့ မနက်စာကို တည်းတဲ့ဟိုတယ်နားက ဆိုင်ကလေးမှာ ကတိုက်ကရိုက်စားပြီး ချိန်းထားတဲ့ ဆုံမှတ်ကို အချိန်မှီရောက်အောင် ပြေးရသေးတယ်။ ကားထွက်တာနဲ့ ဂိုက်က တစ်လမ်းလုံး မြင်သမျှတွေကို ပြင်သစ်လိုတစ်ခါ အင်္ဂလိပ်လိုတစ်ခါ ရှင်းပြတယ်။ အရင်ဆုံးဦးတည်သွားတာက Rome ကနေ မိုင်၁၄၀ လောက်ဝေးတဲ့ နီပယ်လ် (Naples) သို့မဟုတ် နာပိုလီ (Napoli) လို့လည်းခေါ်တဲ့ မြို့ကလေးကိုပါ။ အဲဒီမြို့က ကမ္ဘာကျော် ဘောလုံးသမား မာရာဒိုနာ ကစားသွားတဲ့ နာပိုလီ ဘောလုံးအသင်းရှိတယ်။ သုံးနာရီနီးပါးလောက် မောင်းပြီးတော့မှ Naples ကိုရောက်တယ် .. ပင်လယ်ကမ်းစပ်မြို့လေး ဖြစ်ပြီးတော့ ရာသီဥတုက သာယာတော့ ကောင်းကင်ပြာပြာ တိမ်ပြာပြာနဲ့ လှနေတယ်။

ကမ်းနားက စျေးတစ်ခုနားမှာ ကားရပ်ပြီးတော့ အနီးအနားကို လမ်းလျှောက်ပြီး ကြည့်ကြတယ်။ တချိန်က ရောမတွေရဲ့ အစည်ကားဆုံး သင်္ဘောဆိပ်ကမ်းတစ်ခုကိုလည်း လိုက်ပြပါတယ်။ အဲဒီနားမှာ ကိုယ်ပိုင်ရွက်လှေတွေ ဆိုက်တဲ့ ဆိပ်ကမ်းကြီးတစ်ခုကိုလည်းတွေ့တယ်။

San Francesco di Paola ဆိုတဲ့ ဘုရားရှိခိုးကျောင်းကြီးဆီသွားကြတယ်။ ၁၈၁၆ ခုနှစ်က တည်ဆောက်ထားတဲ့ ဒီဘုရားရှိခိုးကျောင်းက Rome မှာရှိတဲ့ ရောမ Temple ပန်သီယွန် (Pantheon) ရဲ့ ဒီဇိုင်းကို မှီငြမ်းထားတယ်လို့ ဆိုပါတယ်။

ဘုရားကျောင်းရဲ့ အရှေ့တည့်တည့် ရင်ပြင်ကြီးရဲ့ တစ်ဖက်မှာရှိတာက Naples မြို့ရဲ့ တော်ဝင်မိသားစုတွေ နေထိုင်သွားတဲ့ Royal Palace လို့ပြောပါတယ်။ နေကလည်းပူ ရင်ပြင်ကြီးထဲမှာ အရိပ်ကလည်း မရှိဆိုတော့ ပြောသမျှတွေကိုလည်း အာရုံမစိုက်နိုင်တော့ ကြားတချက် မကြားတချက်ပါ။

အဲဒီကပြီးတော့ လမ်းကြားတွေထဲက ဖြတ်လျှောက်ပြီး UNESCO ရဲ့  World Heritage Site တစ်ခုဖြစ်တဲ့ Galleria Umberto I ဆိုတဲ့ ရှော့ပင်းစင်တာကြီးဆီသွားတယ်။

ဒီအဆောက်အဦကြီးက ဈေးဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ နားနေစရာနေရာ public space အတွက် တည်ဆောက်ထားတာပါ။ ၁၈၈၇ခုနှစ်မှာ တည်ဆောက်ပြီး နာမည်ပေးတော့လည်း မူလတည်ဆောက်သူ ဘုရင် ရဲ့နာမည်ကိုပဲ ပေးထားတာပါ။ အတွင်းမှာ အနုစိတ်တဲ့ ပန်းပုလက်ရာတွေနဲ့ ထူးခြားတဲ့ မှန်အမိုးခုံးကြီးတွေကြောင့် ကျော်ကြားတဲ့ အဆောက်အဦဖြစ်တာပါ။

အဲဒီနားက အီတလီ စားသောက်ဆိုင် တစ်ဆိုင်ကို နေ့လည်စာအတွက် ရောက်ကြတယ်။ နေ့လည်စာကျွေးတဲ့ ပီဇာက ဘယ်လိုမှခံစားမရတော့ နည်းနည်းစားပြီး အောက်ဆင်းလမ်းလျှောက်၊ ဆေးလိပ်သောက်ရင်း တခြားသူတွေကို စောင့်ရတယ်။ လူစုံတော့ မလှမ်းမကမ်းမှာ မြင်နေရတဲ့ ရဲတိုက်ကြီး Castel Nuovo ဆီကိုသွားကြတယ်။ ၁၂၇၉ ခုနှစ်ကတည်းက ဆောက်ထားတဲ့ ရဲတိုက်ကြီး ဖြစ်ပြီးတော့ အဲဒီခေတ်က Naples ကိုအုပ်ချုပ်သွားကြတဲ့ စပိန်ဘုရင်တွေ နေထိုင်သွားကြတာ ၁၈၁၅ ခုနှစ်အထိလို့ သိရတယ်။ အခုတော့ ရဲတိုက်ကြီးက Naples မြို့ရဲ့ အဓိက Architectural landmarks ဖြစ်ပြီး ပြတိုက်အဖြင့် public ကိုလေ့လာခွင့် ပြုထားပါတယ်။ ရဲတိုက်ရဲ့ အတွင်းပိုင်းတွေမှာ ရှေးဟောင်းတန်ဖိုးကြီး နံရံပန်းချီတွေ ရှိတာကြောင့် ကင်မရာကို ဖလက်ရှ်ဖွင့်ပြီး ဓါတ်ပုံရိုက်ခွင့် မပြုသလို အတွင်းမှာလည်း ပစ္စည်းတွေကို ထိကိုင်ခွင့် မရှိပါဘူး။

ရဲတိုက်ကြီးကထွက်တော့ ပွမ်ပေကိုဆက်သွားဖို့အတွက် Tour ကားကအဆင်သင့် အပြင်မှာစောင့်နေတယ်။ ပွမ်ပေဧရိယာထဲရောက်တော့ မြို့ဟောင်းထဲမဝင်ခင် ယခင်ရောမခေတ်က Gladiators တွေကိုထားတဲ့ လေ့ကျင့်ရေးကွင်းနေရာကို လိုက်ပြတယ်။

မြို့ဟောင်းထဲမဝင်ခင် ဂိုက်က ဆောင်ရန်ရှောင်ရန် စည်းကမ်းချက်တွေ ဖြစ်တဲ့ အမှိုက်မပစ်ဖို့၊ အထဲက နံရံပန်းချီတွေကို ကိုင်မကြည့်ဖို့၊ ကျောက်ခဲလုံးလေးကအစ အပြင်ကို ယူလာခွင့် မရှိကြောင်း စသဖြင့် briefing ပေးပါတယ်။

ပွမ်ပေက ဘီစီ ၇ရာစုလောက်က တည်ထောင်ခဲ့ပြီး ရောမတွေရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ တချိန်က စည်ကားခဲ့တဲ့ မြို့ငယ်လေးပါ။ အနီးနားမှာရှိတဲ့ မီးတောင်ကြီး ဗစ်ဆူးဗီးယက်စ် (Mount Vesuvius) ပေါက်ကွဲပြီး တစ်မြို့လုံး မီးတောင်ပြာတွေ၊ ချော်ရည်တွေအောက် ၆မီတာလောက် နစ်မြှပ်ပြီး အေဒီ၇၉ မှာလုံးဝ ပျောက်ကွယ်သွားခဲ့တယ်။ ရာစုနှစ်ပေါင်းများစွာ (နှစ်ပေါင်း၁၅၀၀ခန့်) ပျောက်ဆုံးမေ့လျော့နေခဲ့ကြပြီး နောက်ပိုင်း ၁၅၉၉ခုနှစ်လောက်ကမှ မြေအောက်လှိုင်ခေါင်းတွေ တူးဖော်ရာလုပ်ငန်းခွင်တစ်ခုကနေ မတော်တဆ ပြန်လည်တွေ့ရှိခဲ့ရာကနေ သုတေသနပညာရှင်များက ပြန်လည်တူးဖော်ခဲ့ကြလို့ အခုလိုအနေအထားအတိုင်း မြင်ကြရတယ်။ ပွမ်ပေက အီတလီရဲ့ popular အဖြစ်ဆုံး Tourist attraction တစ်ခုဖြစ်လာပြီး တစ်နှစ်ကို လာရောက်လည်ပတ်သူ ၃သန်းခန့် ရှိပါတယ်။ UNESCO အစောင့်ရှောက်ခံ World Heritage Site တစ်ခုလည်းဖြစ်တယ်။

မြင်ရတာတော့ မြို့ပျက်ကြီးနဲ့ အုတ်ပုံတွေပါပဲ .. တချို့အိမ်တွေကတော့ ပြန်တူးဖော်ထားတာ အကောင်းအတိုင်းနီးပါးခန့် ပြန်တွေ့ရပြီး တစ်ချို့နေရာတွေမှာ လက်ရှိ တူးဖော်နေကြတုန်းပါ။ စိတ်ဝင်စားမိတာ တစ်ခုက ရောမတွေရဲ့ မိန်းလမ်းမကြီးတွေနဲ့ အဲဒီခေတ်က drainage system ကိုပါ။  အိမ်တွေက မိန်းလမ်းမကြီးကို ကျောပေးပြီး ဆောက်ထားကြတယ် .. အညစ်အကြေးတွေနဲ့ မိလ္လာတွေကို ဒီအတိုင်း နောက်ဖေးက ကျောက်ခင်းလမ်းမကြီးပေါ် သွန်လိုက်ကြတယ် လို့ဆိုပါတယ်။ လမ်းမတွေက နိမ့်ရာကနေ မြင့်ရာကို ဖောက်ထားတဲ့အတွက် အိမ်တိုင်းစေ့က စွန့်လိုက်တဲ့ အညစ်အကြေးတွေက မြို့ပြင်ကိုစီးဆင်းသွားစေတယ်တဲ့။ အဲဒီတော့ လမ်းမကြီးတွေက လှည်းတွေ မြင်းတွေနဲ့ ခရီးသွားတွေလည်း သွားလို့ရတဲ့ လမ်းဖြစ်သလို အညစ်အကြေးတွေ စီးနေတဲ့ ချောင်းငယ်လေးလည်း ဖြစ်တယ်။ အဲဒီအတွက်ကြောင့် လမ်းရဲ့ နေရာတော်တော်များများမှာ လမ်းကူးရင် ခြေထောက်ကို အညစ်အကြေးတွေ မပေကျံဖို့အတွက် ခြေနင်းကျောက်တုံး (stepping stones) တွေ ထားထားတာကိုတွေ့တယ်။ လှည်းတွေ နွားတွေကတော့ ချေးတောသေးတောထဲ တစွပ်စွပ်နဲ့ နံနံဟောင်ဟောင် သွားကြရမှာကို မြင်ယောင်မိတယ်။

တူးဖော်ထားပြီးတဲ့ အိမ်တချို့ရဲ့ အတွင်းပိုင်းတွေကိုလည်း ဝင်ကြည့်လို့ရတယ်။ တချို့အိမ်တွေက ချမ်းသာတဲ့ နိုင်ငံရေးသမားတွေရဲ့အိမ်၊ တချို့ကတော့ သာမန်ကုန်သည်တွေရဲ့အိမ် စသဖြင့် အိမ်ပေါက်ဝတွေမှာ ကပ်ထားတဲ့ အညွှန်းဆိုင်းဘုတ်တွေမှာ ရေးထားတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ချီလောက်က ရောမတွေရဲ့ သာမန်လူနေမှု ဘဝကို လေ့လာရာမှာ ပွမ်ပေကတစ်ခုထဲသော အကောင်းဆုံးနဲ့ တန်ဖိုးအရှိဆုံး အရင်းအမြစ် ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့နေရာတွေမှာ ဒီလိုမျိုး အကောင်းနီးပါးအတိုင်း မြင်ရဖို့ မလွယ်တော့ပါဘူး။

ပွမ်ပေမြို့ကြီးပျက်စီးပြီး ချော်ရည်တွေအောက်ကို ရောက်ခဲ့စဉ်က မြို့နေလူ တော်တော်များများလည်း ချော်ရည်တွေအောက် နစ်မြှပ်သေဆုံးခဲ့ကြတယ်။ အတော်များများကို ပြန်လည်တူးဖော်ခဲ့ကြပြီး အချို့ကို  ပွမ်ပေမှာပြသထားပြီး အတော်များများကိုတော့ Naples မှာရှိတဲ့ National Archaeological Museum မှာပြသထားပါတယ်။

ရာသီဥတုက အရမ်းပူတော့ တစ်နေတာနေ့ချင်းပြန်ခရီးက အန်မတန်ပင်ပန်းခဲ့တယ်။ ဒီခရီးက အသက်ကြီးတဲ့ လူကြီးတွေ ကလေးတွေ နဲ့မသင့်တော်ပါဘူး ဘာလို့ဆိုတော့ အချိန်ပြည့် လမ်းလျောက်ရပြီး အတက်အဆင်းများတယ်။ အချိန်ပြည့် နေပူထဲမှာ ဖြစ်ပြီးတော့ နားစရာနေရာ ရှားပါတယ်။ မနက်၈း၃၀ Rome ကနေထွက်ခဲ့တာ ည၈နာရီဝန်းကျင်မှ ပြန်ရောက်တဲ့ တစ်နေကုန်ခရီးပါပဲ။

Versailles

Paris ကိုရောက်တုန်း လည်ပတ်မယ့် အစီအစဉ်ထဲမှာ ဗာဆိုင်းကို တစ်ရက်သီးသန့် ဆွဲထားတယ်။ Netflix ကလာတဲ့ TV Series “Versailles” ကိုစွဲစွဲမြဲမြဲ ကြည့်ဖြစ်တာကြောင့်လည်း ဗာဆိုင်းကို အပြင်မှာသွားကြည့်ချင်စိတ် ဖြစ်တယ်။ အဲဒီတီဗီစီးရီးက ဗာဆိုင်းကို ဆောက်ခဲ့တဲ့ ပြင်သစ်ဘုရင် လူဝီ၁၄ရဲ့ အကြောင်းပါ။ နောက်ပြီး အမျိုးသမီးရဲ့ ငယ်သူငယ်ချင်း တစ်ယောက်ကလည်း ပြင်သစ်နိုင်ငံသားနဲ့ အိမ်ထောင်ကျပြီး ဗာဆိုင်းမှာနေတာဆိုတော့ သူတို့နဲ့ ဆုံဖို့လည်းရှိတာကြောင့် တစ်ရက်လုံး တခြားဘာမှ အစီအစဉ် မလုပ်ထားပဲ ဗာဆိုင်းမှာပဲ တစ်နေကုန်ပေါ့။

ဗာဆိုင်းနန်းတော်ထဲ ဝင်ခွင့်လက်မှတ်ကိုတော့ ခရီးမထွက်လာခင် ကထဲက အွန်လိုင်းကဝယ်ခဲ့တာ။ သူ့ရဲ့ official website ကနေဝယ်တာ တစ်ယောက်ကို ယူရို ၂၀ ကျပါတယ်။ အဲဒီကိုရောက်မှ ဝယ်ရင်လည်း ရပေမယ့် အကြာကြီးတန်းစီရပြီး အချိန်တွေပုပ်ပါတယ်။ Skip the line ticket တွေက ပိုက်ဆံပိုပေးရပေမယ့် ကိုယ်တွေလို အချိန်လုပြီး တစ်နေရာက တစ်နေရာကို ကူးကြရဖို့ရှိရင်တော့ ဝယ်ကိုဝယ်သင့်ပါတယ်။

သူငယ်ချင်းနဲ့ မနက်၉နာရီ ချိန်းထားတာကြောင့် ဗာဆိုင်းကို ရထား၂ဆင့် စီးသွားဖို့ စီစဉ်ထားခဲ့တာ။ ဟိုတယ်က Metro စတေရှင် Gare De lyon နဲ့ လမ်းလျှောက်ရင် ၅မိနစ်အကွာမှာဆိုတော့ မနက်ပိုင်း breakfast စားပြီးတာနဲ့ ထွက်ဖို့ပြင်ကြတယ်။ Google maps နဲ့လမ်းကြောင်းရှာတော့ သွားရမယ့်လမ်းမှာ တချို့ရထားတွေ ဒီနေ့မနက်ပိုင်း မထွက်ကြဘူးဆိုပဲ။ ဥရောပ တစ်ဝှမ်းလုံးက ရထားမောင်းသမားတွေ ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။ အဲဒီတော့ Uber နဲ့ပဲဟိုတယ်ကနေ ကားခေါ်လိုက်ရတယ်။ ပိုက်ဆံတော့ ပိုကုန်သွားပေမယ့် volkswagen passat ကားအသစ်ကြီးနဲ့ ဗာဆိုင်းကို သက်တောင့်သက်သာ ရောက်ရတယ်။ သူငယ်ချင်းနဲ့ ချိန်းထားတဲ့နေရာမှာ ဆုံကြပြီး သူကပဲ နန်းတော်ထဲဝင်ဖို့ လိုက်ပို့ပါတယ်။ ရောက်တော့ လူတော်တော်များများက လက်မှတ်ဝယ်ဖို့ တန်းစီနေကြပြီ။

ကြိုဝယ်ထားတဲ့ လက်မှတ်ကြောင့် လူတန်းကြီးကိုကျော်ပြီး တိုက်ရိုက်ဝင်ခွင့် ရပါတယ်။ နားကျပ်ပါတဲ့ လမ်းညွှန်စက်ကလေးလဲ တစ်ယောက်တစ်ခုစီ ရတယ်။ ဝင်ဝင်ချင်းမှာ ရင်ပြင်ကြီးကို မျက်နှာမူထားတဲ့ နန်းတော်အရှေ့ကို ရောက်တယ်။ အဲဒီအထဲက ဝရံတာတစ်ခုကနေ မိဖုရားကြီး Marie-Antoinette က စားစရာမရှိလို့ နန်းတော်ကို လာပြီး ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို ကြည့်ပြီး “ပေါင်မုန့်မရှိရင်လည်း ကိတ်မုန့်စားကြပေါ့ဟယ်” ဆိုတဲ့ ကမ္ဘာကျော်မယ့် စကားကို ပြောခဲ့တာလို့ ​ပြောကြပါတယ်။  တချို့​ပြောတာကလည်း မိဖုရာကြီးက ကိတ်မုန့်စားကြပါစေလို့ ပြောတာမဟုတ်ပဲ “Let them eat brioche.” လို့ပြောတာပါတဲ့။ (Brioche ဆိုတာ ထောပတ်တွေ ကြက်ဥတွေ ထည့်ဖုတ်ထားတဲ့ ပြင်သစ်ပေါင်မုန့်တစ်မျိုး)။ ဘာပဲပြောပြော အဓိပ္ပါယ်ကတော့ သိပ်မကွာလှဘူး။ ဒါပေမယ့် မိဖုရားကြီး မာရီအန်တွိုင်နက်က အဲဒီစကားတွေကို ပြောခဲ့ပါတယ်ဆိုတဲ့ သမိုင်းအထောက်အထားလည်း တိတိကျကျ မရှိပါဘူးတဲ့။

နန်းတော်ထဲက အခန်းအများစုကို ဝင်ကြည့်ခွင့် ရှိပါတယ်။ မြန်မာတို့ အိန္ဒိယတို့လောက်ပဲ ရွှေကြိုက်တတ်တယ် ထင်ထားမိတာ .. သူတို့ကမှ နန်းတော်တစ်ခုလုံးကို ဖိတ်ဖိတ်တောက်နေအောင်ကို ရွှေတွေနဲ့ အလှဆင်ထားတာပါ။ ဖတ်ဖူးတာတော့ ဘုရင်လူဝီ၁၄ က နန်းတော်သစ် ဗာဆိုင်းကို ပြည်သူပြည်သားတွေ ဆင်းရဲမွဲတေ သွားတဲ့အထိကို အဓမ္မ အခွန်တွေတိုးကောက်ပြီး စိတ်တိုင်းကျ ဆောက်ခဲ့တာတဲ့။

နန်းတော်သုံး ပရိဘောဂတွေကိုလည်း ရွှေအစစ်တွေကို သုံးပါတယ်။ နေရာတိုင်းမှာ sensor တွေတပ်ထားတဲ့အတွက် အခန်းထဲက ပြထားတဲ့ ပစ္စည်းတွေကို ထိကိုင်ခွင့်မရှိပါဘူး။ နှစ်ပေါင်း ၄၀၀လောက် ကြာပြီဖြစ်တဲ့ ရှေးဟောင်းပစ္စည်းတွေကို အကောင်းအတိုင်း ထိမ်းသိမ်းထားနိုင်တာကိုပဲ အင်မတန်လေးစားရပါတယ်။

ခမ်းနားလွန်းတဲ့ နန်းတော်ကြီးထဲမှာ သဘောအကျဆုံးက ပုံတူပန်းချီကားကြီးတွေ၊ နံရံပန်းချီတွေနဲ့ ဧရာမ မျက်နှာကျက် ပန်းချီကားကြီးတွေပဲ။ လူဝီ၁၄ မတိုင်ခင် ပါရီနန်းတော်နဲ့ ၁၆မိုင်လောက်ဝေးတဲ့ မြို့ပြင်မှာရှိတဲ့ ဗာဆိုင်းက အမဲလိုက်ထွက်တဲ့အခါ နားနေတဲ့ ယာယီနန်းတော် အဆင့်ပဲ ရှိတာပါ။ ၁၆၈၂ ခုနှစ်မှာတော့ နန်းတော်ကို ပါရီကနေ ဗာဆိုင်းကို တရားဝင် အပြီးပြောင်းရွေ့ခဲ့တယ်။

နန်းတော်ထဲက အခန်းတွေထဲမှာ နာမည်အကြီးဆုံး အခန်းက The Hall of Mirrors (မှန်နန်းဆောင်) ဖြစ်ပြီး စင်္ကြန်တစ်ခုလို ခပ်ရှည်ရှည် ခမ်းမဆောင်ကြီးပါ။ တစ်ဖက်တစ်ချက်မှာ ဘုရင်ရဲ့ အိပ်ခန်းဆောင်နဲ့ အခြားတစ်ဖက်မှာ မိဖုရားတွေရဲ့ အိပ်ဆောင်တွေ ရှိပါတယ်။ အဲလိုဆိုတော့ ဘုရင်က မိဖုရားတွေဆီ အဆောင်ကူးတဲ့အခါ ဒီခန်းမဆောင်ကြီးကို လမ်းလျှောက်ပြီးဖြတ်ရပါတယ်။ ခမ်းမကြီးထဲမှာ စိတ်ကိုကြည်လင်စေဖို့အတွက် အနုစိတ်တဲ့ အနုပညာလက်ရာတွေ၊ ဖန်မီးဆိုင်းတွေနဲ့ အလှဆင်ထားသလို လှမ်းကြည့်လိုက်ရင်လည်း အနောက်ဘက်က ဥယျာဉ်ကြီးကိုလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ မိန်းမတွေဆီ မရောက်ခင် mood ကောင်းနေဖို့လည်း လိုတယ်မလား 🙂

ဒီမှန်နန်းဆောင်ကို ဘုရင်ရဲ့ ဗိသုကာပညာရှင် Jules Hardouin-Mansart က ၁၆၇၈ ကနေ ၁၆၈၄ ထိ ၆နှစ်ခန့် အချိန်ယူပြီး တည်ဆောက်ခဲ့တာပါ။

အခန်းတစ်ခုထဲမှာ ဘုရင်လူဝီ၁၄ရဲ့ ပုံတူပန်းချီကားကြီးရှိတယ်။ ရှေးခေတ်က ပြင်သစ်တွေရဲ့ အဝတ်အစား ကြည့်ရတာ ယောက်ျားနဲ့ မိန်းမ အတော်ခွဲယူရမယ့် အနေအထားရှိတယ်။ ပြင်သစ်တွေက ဖက်ရှင်မှာ သိပ်ပြီး ရှေ့ရောက်လွန်းလို့ပဲလားတော့ မသိဘူး။

နန်းတော်ထဲမှာ ၃နာရီလောက် လျှောက်ကြည့်ပြီးတော့ အနောက်ဘက်က ဗာဆိုင်းရဲ့ နာမည်ကျော် ဥယျာဉ်ကြီးဆီ ထွက်ခဲ့ကြတယ်။ တစ်မိုင်ပတ်လည် ဝန်းကျင်လောက် ကျယ်တဲ့ ပန်းခြံကြီးကို ဘုရင်လူဝီ၁၄က စိတ်တိုင်းကျ ကိုယ်တိုင်ဦးစီးပြီး တည်ဆောက်ခဲ့တာပါ။ ဥယျာဉ်ကြီးထဲမှာ ရေကန်ကြီးတွေတူး၊ ပန်းပုရုပ်တွေ အများအပြားထည့်သွင်းပြီး အသေးစိတ်ကအစ ဘုရင်ကိုယ်တိုင် စီမံပြီး တည်ဆောက်ခဲ့တယ်လို့ သိရတယ်။

ဥယျာဉ်ကြီး တည်ဆောက်စဉ်က ရေကန်ကြီးတွေ တခုကနေတခုဆီကို ရေတွေသယ်ဖို့နဲ့ အလှပြရေပန်းတွေအတွက် မြေအောက်လိုဏ်ခေါင်းတွေလည်း အများအပြား ထည့်သွင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ရှေးခေတ်က မော်တာတွေ ပန့်ပ်တွေ မရှိတော့ ရေပန်းတွေက လူအင်အားနဲ့ manual မောင်းခဲ့တာလို့သိရတယ်။

ပန်းခြံထဲမှာ အချိန်တော်တော်ကုန်ပြီး လူလည်းခြေကုန်လက်ပမ်းကျတဲ့ အ​ခြေအနေကို ရောက်တယ်။ ညနေလည်း စောင်းခါနီးတာမို့ ဗာဆိုင်းက ပြန်ဖို့အတွက် ထွက်ပေါက်ဆီကို ပန်းခြံထဲကနေ လမ်းလျှောက်ထွက်ရပြန်တယ်။ ထွက်လာပြီး အပြင်ရောက်တော့လည်း ဒီအချိန်မှ အထဲဝင်ဖို့ တန်းစီနေကြတဲ့ တိုးရစ်တွေကို တွေ့ရသေးတယ်။

နန်းတော်ထဲက ထွက်လာပြီးတော့ သူငယ်ချင်းမိသားစုက သူတို့နေတဲ့ ဗာဆိုင်းမြို့ထဲမှာရှိတဲ့ အိန္ဒိယစားသောက်ဆိုင် တစ်ဆိုင်ကို လိုက်ပို့တယ်။ ဆိုင်က ပြင်သစ်ကော်ဖီဆိုင်ကလေးတွေလို လမ်းဘေးမှာ ခုံတွေ ခင်းထားတာပါ။ ဒံပေါက်တစ်ပွဲမှာပြီး နှစ်ယောက်စားတာတောင် ကုန်အောင် အတော်စားယူရတယ်။ ကောင်းလည်းတော်တော်ကောင်းတဲ့ ဒံပေါက်ပါ .. စားဖူးသမျှ မြန်မာပြည်အပြင်ဘက်က ဒံပေါက်တွေထဲ အကြိုက်ဆုံးလို့ပဲ ပြောပါရစေတော့။

စားသောက်အပြီး သူငယ်ချင်းမိသားစုကို နှုတ်ဆက် ဗာဆိုင်းကနေ ပြန်ဖို့လုပ်ရတယ်။ ရထားတွေလည်း ပုံမှန်ပြန်သွားနေပြီဆိုတော့ ရထား၂ဆင့် ပြောင်းစီးပြီး Paris မြို့ထဲကဟိုတယ်ကို ပြန်ခဲ့ကြတယ်။ ဗာဆိုင်းကနေ Paris ကို မိနစ်၅၀လောက် ရထားစီးရပါတယ်။