Life of a Malaysian trucker

အသက်၅၉နှစ်ရှိပြီဖြစ်တဲ့ မလေးရှား ထရပ်ကားဒရိုင်ဘာ မစ္စတာလူး (Mr Loo Chin Khong) အတွက် မိသားစုနဲ့အတူနေထိုင်ဖို့ကတော့ ရှားပါးတဲ့ ရတောင့်ရခဲ အခွင့်အရေးဖြစ်ပါတယ်။ သူ့ရဲ့အချိန်တွေအများစုကတော့ လုပ်ငန်းသဘောအရ အိပ်ချိန်အပါအဝင် ကားပေါ်မှာပဲ ကုန်ဆုံးရတာပါ။ တစ်ဆိုင်းကို ၄၈နာရီလုပ်ရပြီး တစ်ပတ်ကို ၃ကြိမ်လုပ်ရတဲ့သူ့အလုပ်အကိုင်ကတော့ မလေးရှားရဲ့ ကုန်းမြင့်ဒေသ တစ်ခုဖြစ်တဲ့ Cameron Highlands ကနေ စင်္ကာပူကို ဟင်းသီးဟင်းရွက်တွေ ပို့ပေးရတဲ့ အလုပ်ပါ။

မစ္စတာလူး နှင့် သူ၏ ထရပ်ကား (Photo: Amir Yusof)

ကျွန်တော်ကတော့ ဒီလိုအလုပ်ချိန်၊ ဒီလိုအခြေအနေတွေနဲ့ အသားကျနေပါပြီ လို့ပြောလာတဲ့ မစ္စတာလူးက အခုလက်ရှိအလုပ်ကို လုပ်လာတာ ၁၆နှစ်ခန့်ရှိပါပြီ။ မစ္စတာလူး နဲ့ သူရဲ့အကူဒရိုင်ဘာ မူတူး (Mr Muthukumar) တို့နှစ်ယောက်က မလေးရှား logistics ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sun Yee Cheong Trading ရဲ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။ မလေးရှား Cameron Highlands ကနေ စင်္ကာပူနိုင်ငံ ပါဆားပန်ဂျန်း (Pasir Panjang) မှာရှိတဲ့ ဟင်းသီးဟင်းရွက် လက်ကားဒိုင်ကြီးတွေဆီ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေကို အရောက်ပို့ပေးနေတဲ့ သူတို့လိုပဲ ဒါဇင်နဲ့ချီတဲ့ အခြားဒရိုင်ဘာတွေလည်းရှိပါသေးတယ်။

မစ္စတာလူး နှင့် အကူဒရိုင်ဘာ မူတူး (Photo: Amir Yusof)

အသွားအပြန် ၄၈နာရီကြာတဲ့ ခရီးစဉ်မှာ မစ္စတာလူး နှင့် အကူဒရိုင်ဘာမူတူး တို့နှစ်ယောက် ကားကိုတစ်လှည့်စီ မောင်းကြပါတယ်။ တစ်ယောက်က ကားကိုမောင်းနေတဲ့အချိန်မှာ အခြားတစ်ယောက်က ဒရိုင်ဘာခုံအနောက်မှာရှိတဲ့ နေရာကျဉ်းလေးထဲမှာ အနားယူရင်း လိုက်ပါရပါတယ်။ နေရာက ကျဉ်းလွန်းတဲ့အပြင် လူတစ်ယောက် ကောင်းကောင်းခြေဆန့်ပြီး အိပ်ဖို့တောင် အဆင်မပြေပါဘူး။ အကူဒရိုင်ဘာမူတူး ကားမောင်းတဲ့ အချိန်တွေမှာဆိုရင်တော့ မစ္စတာလူး တစ်ယောက် နောက်ကနေရာကျဉ်းလေးမှာ စောင်တစ်ထည်ခြုံပြီး ကွေးကွေးလေး အိပ်နေလေ့ရှိတယ်။ သက်တောင့်သက်သာလည်း မရှိလှပါဘူး .. ဆူညံနေတဲ့ ကားအင်ဂျင်သံနဲ့ အဲယားကွန်းကလည်း အေးတာကြောင့် ပုံမှန်ဆိုရင် ကားပေါ်မှာအိပ်ရင် ကောင်းကောင်းအိပ်မပျော်ပါဘူး လို့မစ္စတာလူးကပြောပါသေးတယ်။ သူကအိပ်တဲ့အချိန်မှာ အဲယားကွန်းကို ပိတ်ပြီးအိပ်ချင်ပေမယ့် မူတူးကတော့ ပူတဲ့ဒဏ်ကိုမခံနိုင်တော့ အဲကွန်းကိုဖွင့်ထားချင်တယ် .. လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့အတိုင်း တစ်ယောက်ထဲမဟုတ်တော့ ဒါတွေကိုလည်း သည်းခံရတယ်လို့ ဆိုပါတယ်။

Singapore Food Agency ရဲ့ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ စင်္ကာပူကိုတင်သွင်းလာတဲ့ ဟင်းသီးဟင်းရွက် အများစု ၆၉ရာခိုင်နှုန်းက မလေးရှားနိုင်ငံမှာရှိတဲ့ စိုက်ခင်းတွေဆီက လာတာပါ။ စင်္ကာပူနိုင်ငံသားတွေရဲ့ မြင့်မားလှတဲ့ ဟင်းသီးဟင်းရွက် လိုအပ်ချက်အတွက် မစ္စတာလူးတို့လို မလေးရှားထရပ်ကား ဒရိုင်ဘာတွေကလည်း အရေးကြီးတဲ့ နေရာကနေ တစိတ်တပိုင်း ပါဝင်ပါတယ်။

ကုန်တင်ရန်စောင့်ဆိုင်းနေသော မစ္စတာလူး (Photo: Amir Yusof)

အလုပ်က တစ်ခါတလေအရမ်းများတော့လည်း ပင်ပန်းတယ် ဒါပေမယ့် ဟင်းသီးဟင်းရွက်တွေကို လူတွေရဲ့ ထမင်းစားပွဲပေါ် ရောက်အောင်ပို့ပေးနိုင်တဲ့ အလုပ်ဖြစ်တော့ ဒါကကိုယ့်ကိုယ်ကို ဂုဏ်ယူစရာလည်း ကောင်းပါတယ်ဗျာ လို့မစ္စတာလူးကပြောပါတယ်။

တောင်တက်လမ်းဖြစ်တဲ့ Cameron Highlands ကိုသွားရာလမ်းကလည်း အန္တရာယ်အလွန်များပါတယ်။ မစ္စတာလူး ပုံမှန်သွားနေကျလမ်းက ပါဟန်း (Pahang) ပြည်နယ် မြောက်ဘက်ခြမ်း Tapah မြို့ကလေးကနေ တက်တဲ့ လမ်းကြောင်းပါ။ ညဘက်မောင်းရတဲ့အတွက် လမ်းမီးတွေလည်း မရှိသလို အကွေ့အကောက်တွေများပြီး မတ်စောက်ပါတယ်။ ကားစတီယာရင်ကို လက်တစ်ဖက်ထဲနဲ့ တောင်တက်လမ်းတွေကို ညမှောင်မှောင်မှာ ကျွမ်းကျင်စွာမောင်းတတ်တဲ့ မစ္စတာလူးက ကားမောင်းချိန် အခြားလက်တစ်ဖက်မှာ အမြဲတမ်း စီးကရက်ကို လက်ကြားညှပ်၊ စီးကရက်သောက်ပြီး မောင်းလေ့ရှိတယ်။

ကားမောင်းနေတဲ့ မစ္စတာလူး (Photo: Amir Yusof)

မစ္စတာလူးတစ်ယောက် ဒီလိုမျိူး အန္တရာယ်များတဲ့ တောင်တက်လမ်းတွေနဲ့ ရင်းနှီးခဲ့တာကြာလှပါပြီ။ သူအသက် ၂၀ ကျော်အရွယ် ၁၉၈၀ ဝန်းကျင် တုန်းက Cameron Highlands ကနေ ထိုင်းနိုင်ငံဘက်ကို ကုန်ကားနဲ့ ပန်းတွေပို့တဲ့ အလုပ်လုပ်ခဲ့စဉ်ကပေါ့။ မိုးတွေရွာနေတဲ့ တစ်နေ့ သူမောင်းနေတဲ့ ထရပ်ကားကြီး လမ်းပေါ်ကနေ ချော်ထွက်ပြီး ချောက်ထဲကိုကျသွားခဲ့တယ်။ သူကတော့ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ တော်တော်များများ ဒဏ်ရာတွေ ရခဲ့ပြီး သူ့ရဲ့အကူယာဉ်မောင်းကတော့ နေရာတင်ပဲ ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒီအလုပ်က အန္တရာယ်များတယ်ဆိုတာ ကျွန်တော်အစကတည်းက သိပါတယ် .. သူ့ကိုလည်းအခုထိ မှတ်မိနေသေးတယ်၊ သူက အင်မတန်ကောင်းတဲ့လူပါ ဒါပေမယ့် ဖြစ်တာကဖြစ်ပြီးသွားပြီဆိုတော့ ဘာမှပြန်ပြင်လို့ မရတော့ဘူး လို့မစ္စတာလူးက ပြန်ပြောပြတယ်။

လမ်းတဝက်မှာစားတဲ့ ညစာ (Photo: Amir Yusof)

Senior driver တစ်ယောက်ဖြစ်တဲ့ မစ္စတာလူးရဲ့ လစာက တစ်လကို မလေးရှားရင်းဂစ် ၄၅၀၀ (မြန်မာငွေ ၁၅သိန်းခန့်) ဖြစ်ပါတယ်။ ဒီလစာနဲ့ ချမ်းသာမှာတော့ မဟုတ်ပေမယ့် မိသားစုအတွက် ဖူလုံတယ်လို့ဆိုပါတယ်။ တစ်လကိုမှ ရင်းဂစ် ၂၀၀၀ လောက်အများဆုံးရတဲ့ လယ်သမားတွေထက်စာရင်တော့ ပိုကောင်းပါသေးတယ်လို့ မစ္စတာလူးကပြောသေးတယ်။

မစ္စတာလူးရဲ့အိမ်က Cameron Highlands မှာရှိတဲ့ Tanah Rata ဆိုတဲ့မြို့ကလေးမှာပါ။ ဇနီးသည်နဲ့ ၇နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ သူ့သားတစ်ယောက် ဒီအရွယ်ရောက်လာတဲ့ တလျှောက်လုံး မစ္စတာလူးတစ်ယောက် အနားမှာမရှိနိုင်ခဲ့ပါဘူး .. အလုပ်သဘောအရ သူကတော့ တချိန်လုံး လမ်းပေါ်မှာပဲ အချိန်ကုန်ခဲ့ရပါတယ်။

ထရပ်ကားကို ဆီဖြည့်နေစဉ် (Photo: Amir Yusof)

တစ်ခါတစ်လေ အလုပ်မှာအဆင်မပြေလို့ စိတ်ပျက်စရာတွေကြုံလာတိုင်း ကိုယ်ဟာကိုယ် ပြန်သတိပေးဖြစ်တယ် .. ငါအခုအလုပ်လုပ်နေတာ သားအတွက်ပဲ၊ သူ့ကိုပညာရေးကောင်းကောင်းရပြီး ကျောင်းကောင်းကောင်းမှာ ထားနိုင်ဖို့အတွက်ပဲဆိုပြီး မစ္စတာလူးက ပြောပြရှာပါတယ်။

Channel News Asia သတင်းဌာနက မစ္စတာလူးရဲ့ နေ့တဓူဝ လုပ်ငန်းဖြစ်တဲ့ Cameron Highlands ကနေ စင်္ကာပူ ခရီးစဉ်ကို ပိုပြီးအသေးစိတ်သိနိုင်ဖို့အတွက် အတူလိုက်ပါ မှတ်တမ်းတင်ထားကြပါတယ်။

————–

အင်္ဂါနေ့  , ညနေ၆နာရီ  – ကားစထွက်မယ့် Cameron Highlands မှာ ကားပေါ်ကို ဟင်းသီးဟင်းရွက်တွေ တင်ပါတယ်။

မစ္စတာလူး ကုမ္ပဏီရုံးခန်းကို ရောက်လာပြီး ခရီးထွက်ဖို့အတွက် ပြင်ဆင်ပါတယ်။ သူကလုပ်ဖော်ကိုင်ဖက်တွေနဲ့ ရယ်စရာတွေကို အော်ဟစ်နောက်ပြောင်ရင်း လိုအပ်မယ့် စာရွက်စာတမ်းတွေကိုလည်း စုံစုံလင်လင် ဖြစ်ဖို့အတွက် ဂရုတစိုက်ပြင်ဆင်ရပါတယ်။

မစ္စတာလူးနှင့်လုပ်ဖော်ကိုင်ဖက်များ (Photo: Amir Yusof)

ကားပေါ်ကို ပစ္စည်းတွေတင်ပြီး ညနေ၇နာရီမှာ ကားစထွက်ပါတယ်။ အကူယာဉ်မောင်း မူတူးကို သူ့အိမ်မှာဝင်ခေါ်ပြီး အန္တရာယ်များလှတဲ့ စင်္ကာပူသွား တောင်အဆင်းလမ်း ညဘက်ခရီးကို စတင်ပါတော့တယ်။ မစ္စတာလူးနဲ့ မူတူးတို့ ဒရိုင်ဘာနှစ်ယောက် အတူလက်တွဲလာတာ ၉နှစ်ရှိပါပြီ။ ပြောစရာစကားတွေလည်း ကုန်သွားပြီး ပြောစရာထွေထွေထူးထူး မရှိတော့တဲ့အတွက် နှစ်ယောက်လုံး လမ်းမှာစကားလည်း သိပ်မပြောဖြစ်ကြဘူးလို့ ဆိုပါတယ်။

ကားမထွက်ခင်ပစ္စည်းတွေတင်နေစဉ် (Photo: Amir Yusof)

ဗုဒ္ဓဟူးနေ့ , မနက်စောစော၄နာရီ – စင်္ကာပူ Woodlands Checkpoint ကိုရောက်ပါတယ်

အင်မီဂရေးရှင်းနဲ့ အကောက်ခွန် စစ်ဆေးရေးဂိတ်တွေကို ဖြတ်ဖို့အတွက်ကလည်း စိတ်ရှုပ်ရတဲ့ အလုပ်တစ်ခုပါ။ အထူးသဖြင့် စင်္ကာပူဘက်ခြမ်းကWoodlands Checkpoint မှာအချိန်အတော်ယူရပါတယ်။ သာမန်ခရီးသည်တင်ကားတွေနဲ့ မတူတာက တင်းကျပ်တိကျသော စင်္ကာပူ၏စည်းမျဉ်းများကြောင့် အထပ်ထပ်စစ်ဆေးခြင်းကို ခံရပါတယ်။ ဒါ့အပြင် တစ်လကိုတစ်ခါ သို့မဟုတ်နှစ်ခါလောက်တော့ ကားပေါ်တင်လာသမျှ ပါကင်ဗူးများအားလုံးကို ဖွင့်စေကာ အသေးစိတ် စစ်ဆေးပါသေးတယ်။ ဒါကို မစ္စတာလူးတို့က “မနက်ခင်းကျန်းမာရေး လေ့ကျင့်ခန်း” လို့ အမည်ပြောင်ပေးထားကြပါတယ်။ “ကျွန်တော်တို့က တရားမဝင်တာ ဘာတစ်ခုမှ သယ်လာတာမဟုတ်ပေမယ့် သူတို့သူတို့အလုပ် သူတို့လုပ်နေကြတာဆိုတော့ နားလည်ပေးရမှာပေါ့” ဟုမစ္စတာလူးက အကောင်းမြင်ပေမယ့် သိပ်ပြီးနားမလည်နိုင်ဖြစ်နေတဲ့ မူတူး တစ်ယောက်ကတော့ သူတို့က ပြောတော့အလွယ်လေး ပါကင်သေတ္တာပေါင်း ရာနဲ့ချီကို ဖွင့်ရတာ လွယ်တဲ့အလုပ်မဟုတ်ကြောင်း ပြီးသွားရင်လည်း ဘယ်သူမှပြန်ထုတ်ပိုးပေးတာမဟုတ်ပဲ ကိုယ့်ဟာကိုယ်ပဲ ပြန်လုပ်ကြရကြောင်း စောဒကတက်ပါတယ်။

မနက်စောစော စင်္ကာပူရောက် မစ္စတာလူး (Photo: Amir Yusof)

ဗုဒ္ဓဟူးနေ့ , မနက်၈နာရီခွဲ- စင်္ကာပူ ပါဆားပန်းဂျန်း လက်ကားဈေးကြီးမှာ ပစ္စည်းတွေချပါတယ်။

စင်္ကာပူ ပါဆားပန်းဂျန်း လက်ကားဈေးကြီးကိုရောက်တော့ မစ္စတာလူးတို့ ဒရိုင်ဘာနှစ်ယောက်ကိုယ်တိုင် ထရပ်ကားပေါ်မှာပါလာတဲ့ ဟင်းစီးဟင်းရွက် ၁၅တန်ခန့်ကို အောက်ချဖို့ပြင်ဆင်ရပါတယ်။ သူတို့ရဲ့အလုပ်ချိန်အတွင်းမှာ ဒီအချိန်က ကိုယ်ကာယစိုက်ထုတ်ပြီး ပင်းပင်ပမ်းပမ်း လုပ်ကြရတဲ့အချိန်ပါပဲ။ ကားပေါ်ကို တက်လိုက်ဆင်းလိုက်နဲ့ ပစ္စည်းတွေချမယ်၊ ပစ္စည်းတွေတင်ထားတဲ့ လေးလံလှတဲ့ ထရောလီကြီးတွေကိုတွန်းပြီး သွင်းရမယ့်လက်ကားရောင်းသူ ဖောက်သည်ရဲ့ဆိုင်ခန်းအထိ ရောက်အောင်ပို့ရပါတယ်။

ထရော်လီတွန်းရင်း လမ်းဖယ်ပေးရန် အော်ဟစ်ပြောဆိုနေစဉ် (Photo: Amir Yusof)

အခုလိုပင်ပင်ပန်းပန်း လုပ်ရပေမယ့်လည်း မစ္စတာလူးတစ်ယောက် ပျော်ပျော်ပဲလုပ်နိုင်ပါသတဲ့။ အချိန်အများစုက ကားပေါ်မှာပဲ ထိုင်နေရင်းကုန်းဆုံးရတဲ့အတွက် ချွေးထွက်အောင်လုပ်ရတဲ့ အလုပ်က သူ့ကိုအညောင်အညာပြေပြီး လန်းဆန်းစေပါတယ်။

မစ္စတာလူးရဲ့ အကူဒရိုင်ဘာ မူတူး (Photo: Amir Yusof)

ကားပေါ်ကပစ္စည်းတွေချပြီးလို့ မကြာပါဘူး ဒီနှစ်ယောက်က မလေးရှားဘက်ကို ပြန်ဖို့စတင်ပါတယ်။

ဗုဒ္ဓဟူးနေ့ , ညနေ ၄နာရီ – စင်္ကာပူကနေ အပြန်လမ်းမှာ မလက္ကာစက်မှုဇုံထဲ (industrial area in Melaka )ကစက္ကူကတ်ထူပြားတွေထုတ်တဲ့ စက်ရုံတစ်ခုကို ဝင်ရပါသေးတယ်။ အဲဒီစက်ရုံက စွန့်ပစ်ဖို့ရည်ရွယ်ထားတဲ့ ကတ်ထူညှပ်စတွေနဲ့ အနာအဆာရှိနေတဲ့ ကတ်ထူပြားတွေကို လာတင်တာဖြစ်ပါတယ်။ အဲဒါတွေကို မစ္စတာလူးတို့ စက်ရုံပြရောက်တဲ့အခါ ဟင်းသီးဟင်းရွက်တွေ ထုပ်ပိုးနိုင်ဖို့အတွက် ပြန်လည်ပြင်ဆင် အသုံးပြုနိုင်ပါတယ်။ စက်ရုံအလုပ်သမားတွေ ကားပေါ်ကို ကတ်ထူပြားတွေ တင်ပေးတာကို ပုံမှန်အားဖြင့် အချိန်တစ်နာရီကနေ နှစ်နိုင်ရီခန့် စောင့်ရပါသေးတယ်။

စက်ရုံတွင် ကားပေါ်သို့ စက္ကူကတ်ထူပြားများ တင်နေစဉ် (Photo: Amir Yusof)

ကြာသပတေးနေ့ , မနက် ၃နာရီ – အကူဒရိုင်ဘာ မူတူးကို သူ့အိမ်ရှိတဲ့ ဘီဒေါ (Bidor) မြို့ကလေးမှာ ချထားခဲ့ပြီး မစ္စတာလူးတစ်ယောက်ထဲ ကင်မရွန်းဟိုက်လန်း (Cameron Highlands) တောင်တက်လမ်းကို မောင်းတက်ခဲ့တော့တယ်။ အပေါ်ကိုရောက်တော့ မနက်စောစော ၄နာရီပဲရှိသေးတဲ့အတွက် မစ္စတာလူးတစ်ယောက် ကားပေါ်မှာပဲ မိုးလင်းတဲ့အထိ အိပ်ပြီး ကားပေါ်တင်လာတဲ့ စက္ကူကတ်ထူပြားတွေ အခိုးမခံရအောင် စောင့်နေရပါသေးတယ်။

မနက်စောစော ၄နာရီမှာ ပြန်ရောက်တဲ့ မစ္စတာလူး (Photo: Amir Yusof)

မနက် ၉နာရီဝန်းကျင်မှာတော့ စက္ကူကတ်ပြားတွေကို အလုပ်သမားတွေက ကားပေါ်ကနေ ချကြပါတယ် .. အဲဒီအချိန် မစ္စတာလူးတစ်ယောက် အချိန်အနည်းငယ်ရတဲ့အတွက် မြို့ထဲခဏသွားပြီး လုပ်စရာရှိတာလေးတွေ လုပ်ချိန်ရပါတယ်။

မနက် ၁၁နာရီဝန်းကျင်လောက်မှာတော့ အနီးပတ်ဝန်းကျင် စိုက်ခင်းတွေဆီကနေ ဟင်းသီးဟင်းရွက်တွေ​က မစ္စတာလူးတို့ ရုံးခန်းရှိရာကို ရောက်လာပါပြီ။ ဒါက မစ္စတာလူးရဲ့  ဒီကနေ့သွားရမယ့် ခရီးစဉ်အတွက်ပါ။

နောက်ထပ်ခရီးစဉ်အတွက် ကားပေါ်ပစ္စည်းတွေတင်နေတဲ့ မစ္စတာလူး (Photo: Amir Yusof)

အလုပ်သမားတွေနဲ့အတူ ကားပေါ်ကို ဟင်းသီးဟင်းရွက်တွေ တင်အပြီးမှာတော့ မစ္စတာလူးအတွက် အိမ်ပြန်ပြီး ခဏတဖြုတ်နားဖို့ အချိန်ရပါတယ်။ သူ့ရဲ့စင်္ကာပူကို သွားပို့ရမယ် နောက်ခရီးစဉ်က ညနေ၇နာရီမှာ ပြန်စမှာဖြစ်ပါတယ်။

————-

Ref : CNA (Channel News Asia) ရဲ့ဆောင်းပါး “48 hours on the road: Life of a Malaysian trucker who delivers vegetables to Singapore” ကိုဘာသာပြန်ထားတာပါ။

မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း

မူရင်းစာရေးသူ – မောင်ခင်မင် (ဓနုဖြူ)

မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ရ၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။

ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။

မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အဝိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ဝိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။

အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မဝိုင်းသေးဘူး။ ဝ-ဝကလေး ဝိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။

ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အဝိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအဝိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး အမည်ပေးတာပါ။

ဒီတော့ မြန်မာဗျည်းတွေဟာ မဝိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။

ဗျည်းတွေကို အမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဍာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။

အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။

ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဍာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။
ပုံသဏ္ဍာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။

ခွေခွေကလေးနေလို့ ခ-ခွေး၊
လုံးလုံးကလေး နေလို့ စ-လုံး၊
လိမ်ခွေနေလို့ ဆ-လိမ်၊
အောက်ကွဲနေလို့ ဇ-ကွဲ၊
ဘေးကမျဉ်းဆွဲထားလို့ ဈ-မျဉ်းဆွဲ၊
ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊
ဝမ်းပူနေလို့ တ-ဝမ်းပူ၊
အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊
အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊
မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊
အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊
ကုန်းနေလို့ ဘ-ကုန်း၊
ပက်လက်လန်နေလို့ ယ-ပက်လက်၊
အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဍာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။

အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဍာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဍာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။

ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊ ဝမ်းဘဲနဲ့တူလို့ ဌ-ဝမ်းဘဲ၊
ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊
ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။
င-မ-ဝ-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။ ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။ ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။ မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။

ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။ သံယောဇဉ်တို့၊ ဝိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။ ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။ ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။
ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။
ရှေ့က ညကို အသတ်အသံထွက်ရတယ်။ ။ပုန်+ညာ့။ လို့ အသံထွက်ရတာပေါ့။ ဒီလိုပဲ ပညာ။ပဉ်+ဉာ။ပျင်ညာ။ သုည။သုဉ်+ဉ ။သုန်ညာ့၊ လို့ အသံထွက်ရတယ်။ အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။

မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။

မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။ ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။

ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။ ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။ လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။
အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။

ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။ ( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။) ဈ(ဈမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။ စျ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဍာန် ရှိပါတယ်။ စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။

ဘေးက မျဉ်းဆွဲထားလို့ စျမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။