Life of a Malaysian trucker

အသက်၅၉နှစ်ရှိပြီဖြစ်တဲ့ မလေးရှား ထရပ်ကားဒရိုင်ဘာ မစ္စတာလူး (Mr Loo Chin Khong) အတွက် မိသားစုနဲ့အတူနေထိုင်ဖို့ကတော့ ရှားပါးတဲ့ ရတောင့်ရခဲ အခွင့်အရေးဖြစ်ပါတယ်။ သူ့ရဲ့အချိန်တွေအများစုကတော့ လုပ်ငန်းသဘောအရ အိပ်ချိန်အပါအဝင် ကားပေါ်မှာပဲ ကုန်ဆုံးရတာပါ။ တစ်ဆိုင်းကို ၄၈နာရီလုပ်ရပြီး တစ်ပတ်ကို ၃ကြိမ်လုပ်ရတဲ့သူ့အလုပ်အကိုင်ကတော့ မလေးရှားရဲ့ ကုန်းမြင့်ဒေသ တစ်ခုဖြစ်တဲ့ Cameron Highlands ကနေ စင်္ကာပူကို ဟင်းသီးဟင်းရွက်တွေ ပို့ပေးရတဲ့ အလုပ်ပါ။

မစ္စတာလူး နှင့် သူ၏ ထရပ်ကား (Photo: Amir Yusof)

ကျွန်တော်ကတော့ ဒီလိုအလုပ်ချိန်၊ ဒီလိုအခြေအနေတွေနဲ့ အသားကျနေပါပြီ လို့ပြောလာတဲ့ မစ္စတာလူးက အခုလက်ရှိအလုပ်ကို လုပ်လာတာ ၁၆နှစ်ခန့်ရှိပါပြီ။ မစ္စတာလူး နဲ့ သူရဲ့အကူဒရိုင်ဘာ မူတူး (Mr Muthukumar) တို့နှစ်ယောက်က မလေးရှား logistics ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sun Yee Cheong Trading ရဲ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။ မလေးရှား Cameron Highlands ကနေ စင်္ကာပူနိုင်ငံ ပါဆားပန်ဂျန်း (Pasir Panjang) မှာရှိတဲ့ ဟင်းသီးဟင်းရွက် လက်ကားဒိုင်ကြီးတွေဆီ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေကို အရောက်ပို့ပေးနေတဲ့ သူတို့လိုပဲ ဒါဇင်နဲ့ချီတဲ့ အခြားဒရိုင်ဘာတွေလည်းရှိပါသေးတယ်။

မစ္စတာလူး နှင့် အကူဒရိုင်ဘာ မူတူး (Photo: Amir Yusof)

အသွားအပြန် ၄၈နာရီကြာတဲ့ ခရီးစဉ်မှာ မစ္စတာလူး နှင့် အကူဒရိုင်ဘာမူတူး တို့နှစ်ယောက် ကားကိုတစ်လှည့်စီ မောင်းကြပါတယ်။ တစ်ယောက်က ကားကိုမောင်းနေတဲ့အချိန်မှာ အခြားတစ်ယောက်က ဒရိုင်ဘာခုံအနောက်မှာရှိတဲ့ နေရာကျဉ်းလေးထဲမှာ အနားယူရင်း လိုက်ပါရပါတယ်။ နေရာက ကျဉ်းလွန်းတဲ့အပြင် လူတစ်ယောက် ကောင်းကောင်းခြေဆန့်ပြီး အိပ်ဖို့တောင် အဆင်မပြေပါဘူး။ အကူဒရိုင်ဘာမူတူး ကားမောင်းတဲ့ အချိန်တွေမှာဆိုရင်တော့ မစ္စတာလူး တစ်ယောက် နောက်ကနေရာကျဉ်းလေးမှာ စောင်တစ်ထည်ခြုံပြီး ကွေးကွေးလေး အိပ်နေလေ့ရှိတယ်။ သက်တောင့်သက်သာလည်း မရှိလှပါဘူး .. ဆူညံနေတဲ့ ကားအင်ဂျင်သံနဲ့ အဲယားကွန်းကလည်း အေးတာကြောင့် ပုံမှန်ဆိုရင် ကားပေါ်မှာအိပ်ရင် ကောင်းကောင်းအိပ်မပျော်ပါဘူး လို့မစ္စတာလူးကပြောပါသေးတယ်။ သူကအိပ်တဲ့အချိန်မှာ အဲယားကွန်းကို ပိတ်ပြီးအိပ်ချင်ပေမယ့် မူတူးကတော့ ပူတဲ့ဒဏ်ကိုမခံနိုင်တော့ အဲကွန်းကိုဖွင့်ထားချင်တယ် .. လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့အတိုင်း တစ်ယောက်ထဲမဟုတ်တော့ ဒါတွေကိုလည်း သည်းခံရတယ်လို့ ဆိုပါတယ်။

Singapore Food Agency ရဲ့ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ စင်္ကာပူကိုတင်သွင်းလာတဲ့ ဟင်းသီးဟင်းရွက် အများစု ၆၉ရာခိုင်နှုန်းက မလေးရှားနိုင်ငံမှာရှိတဲ့ စိုက်ခင်းတွေဆီက လာတာပါ။ စင်္ကာပူနိုင်ငံသားတွေရဲ့ မြင့်မားလှတဲ့ ဟင်းသီးဟင်းရွက် လိုအပ်ချက်အတွက် မစ္စတာလူးတို့လို မလေးရှားထရပ်ကား ဒရိုင်ဘာတွေကလည်း အရေးကြီးတဲ့ နေရာကနေ တစိတ်တပိုင်း ပါဝင်ပါတယ်။

ကုန်တင်ရန်စောင့်ဆိုင်းနေသော မစ္စတာလူး (Photo: Amir Yusof)

အလုပ်က တစ်ခါတလေအရမ်းများတော့လည်း ပင်ပန်းတယ် ဒါပေမယ့် ဟင်းသီးဟင်းရွက်တွေကို လူတွေရဲ့ ထမင်းစားပွဲပေါ် ရောက်အောင်ပို့ပေးနိုင်တဲ့ အလုပ်ဖြစ်တော့ ဒါကကိုယ့်ကိုယ်ကို ဂုဏ်ယူစရာလည်း ကောင်းပါတယ်ဗျာ လို့မစ္စတာလူးကပြောပါတယ်။

တောင်တက်လမ်းဖြစ်တဲ့ Cameron Highlands ကိုသွားရာလမ်းကလည်း အန္တရာယ်အလွန်များပါတယ်။ မစ္စတာလူး ပုံမှန်သွားနေကျလမ်းက ပါဟန်း (Pahang) ပြည်နယ် မြောက်ဘက်ခြမ်း Tapah မြို့ကလေးကနေ တက်တဲ့ လမ်းကြောင်းပါ။ ညဘက်မောင်းရတဲ့အတွက် လမ်းမီးတွေလည်း မရှိသလို အကွေ့အကောက်တွေများပြီး မတ်စောက်ပါတယ်။ ကားစတီယာရင်ကို လက်တစ်ဖက်ထဲနဲ့ တောင်တက်လမ်းတွေကို ညမှောင်မှောင်မှာ ကျွမ်းကျင်စွာမောင်းတတ်တဲ့ မစ္စတာလူးက ကားမောင်းချိန် အခြားလက်တစ်ဖက်မှာ အမြဲတမ်း စီးကရက်ကို လက်ကြားညှပ်၊ စီးကရက်သောက်ပြီး မောင်းလေ့ရှိတယ်။

ကားမောင်းနေတဲ့ မစ္စတာလူး (Photo: Amir Yusof)

မစ္စတာလူးတစ်ယောက် ဒီလိုမျိူး အန္တရာယ်များတဲ့ တောင်တက်လမ်းတွေနဲ့ ရင်းနှီးခဲ့တာကြာလှပါပြီ။ သူအသက် ၂၀ ကျော်အရွယ် ၁၉၈၀ ဝန်းကျင် တုန်းက Cameron Highlands ကနေ ထိုင်းနိုင်ငံဘက်ကို ကုန်ကားနဲ့ ပန်းတွေပို့တဲ့ အလုပ်လုပ်ခဲ့စဉ်ကပေါ့။ မိုးတွေရွာနေတဲ့ တစ်နေ့ သူမောင်းနေတဲ့ ထရပ်ကားကြီး လမ်းပေါ်ကနေ ချော်ထွက်ပြီး ချောက်ထဲကိုကျသွားခဲ့တယ်။ သူကတော့ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ တော်တော်များများ ဒဏ်ရာတွေ ရခဲ့ပြီး သူ့ရဲ့အကူယာဉ်မောင်းကတော့ နေရာတင်ပဲ ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒီအလုပ်က အန္တရာယ်များတယ်ဆိုတာ ကျွန်တော်အစကတည်းက သိပါတယ် .. သူ့ကိုလည်းအခုထိ မှတ်မိနေသေးတယ်၊ သူက အင်မတန်ကောင်းတဲ့လူပါ ဒါပေမယ့် ဖြစ်တာကဖြစ်ပြီးသွားပြီဆိုတော့ ဘာမှပြန်ပြင်လို့ မရတော့ဘူး လို့မစ္စတာလူးက ပြန်ပြောပြတယ်။

လမ်းတဝက်မှာစားတဲ့ ညစာ (Photo: Amir Yusof)

Senior driver တစ်ယောက်ဖြစ်တဲ့ မစ္စတာလူးရဲ့ လစာက တစ်လကို မလေးရှားရင်းဂစ် ၄၅၀၀ (မြန်မာငွေ ၁၅သိန်းခန့်) ဖြစ်ပါတယ်။ ဒီလစာနဲ့ ချမ်းသာမှာတော့ မဟုတ်ပေမယ့် မိသားစုအတွက် ဖူလုံတယ်လို့ဆိုပါတယ်။ တစ်လကိုမှ ရင်းဂစ် ၂၀၀၀ လောက်အများဆုံးရတဲ့ လယ်သမားတွေထက်စာရင်တော့ ပိုကောင်းပါသေးတယ်လို့ မစ္စတာလူးကပြောသေးတယ်။

မစ္စတာလူးရဲ့အိမ်က Cameron Highlands မှာရှိတဲ့ Tanah Rata ဆိုတဲ့မြို့ကလေးမှာပါ။ ဇနီးသည်နဲ့ ၇နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ သူ့သားတစ်ယောက် ဒီအရွယ်ရောက်လာတဲ့ တလျှောက်လုံး မစ္စတာလူးတစ်ယောက် အနားမှာမရှိနိုင်ခဲ့ပါဘူး .. အလုပ်သဘောအရ သူကတော့ တချိန်လုံး လမ်းပေါ်မှာပဲ အချိန်ကုန်ခဲ့ရပါတယ်။

ထရပ်ကားကို ဆီဖြည့်နေစဉ် (Photo: Amir Yusof)

တစ်ခါတစ်လေ အလုပ်မှာအဆင်မပြေလို့ စိတ်ပျက်စရာတွေကြုံလာတိုင်း ကိုယ်ဟာကိုယ် ပြန်သတိပေးဖြစ်တယ် .. ငါအခုအလုပ်လုပ်နေတာ သားအတွက်ပဲ၊ သူ့ကိုပညာရေးကောင်းကောင်းရပြီး ကျောင်းကောင်းကောင်းမှာ ထားနိုင်ဖို့အတွက်ပဲဆိုပြီး မစ္စတာလူးက ပြောပြရှာပါတယ်။

Channel News Asia သတင်းဌာနက မစ္စတာလူးရဲ့ နေ့တဓူဝ လုပ်ငန်းဖြစ်တဲ့ Cameron Highlands ကနေ စင်္ကာပူ ခရီးစဉ်ကို ပိုပြီးအသေးစိတ်သိနိုင်ဖို့အတွက် အတူလိုက်ပါ မှတ်တမ်းတင်ထားကြပါတယ်။

————–

အင်္ဂါနေ့  , ညနေ၆နာရီ  – ကားစထွက်မယ့် Cameron Highlands မှာ ကားပေါ်ကို ဟင်းသီးဟင်းရွက်တွေ တင်ပါတယ်။

မစ္စတာလူး ကုမ္ပဏီရုံးခန်းကို ရောက်လာပြီး ခရီးထွက်ဖို့အတွက် ပြင်ဆင်ပါတယ်။ သူကလုပ်ဖော်ကိုင်ဖက်တွေနဲ့ ရယ်စရာတွေကို အော်ဟစ်နောက်ပြောင်ရင်း လိုအပ်မယ့် စာရွက်စာတမ်းတွေကိုလည်း စုံစုံလင်လင် ဖြစ်ဖို့အတွက် ဂရုတစိုက်ပြင်ဆင်ရပါတယ်။

မစ္စတာလူးနှင့်လုပ်ဖော်ကိုင်ဖက်များ (Photo: Amir Yusof)

ကားပေါ်ကို ပစ္စည်းတွေတင်ပြီး ညနေ၇နာရီမှာ ကားစထွက်ပါတယ်။ အကူယာဉ်မောင်း မူတူးကို သူ့အိမ်မှာဝင်ခေါ်ပြီး အန္တရာယ်များလှတဲ့ စင်္ကာပူသွား တောင်အဆင်းလမ်း ညဘက်ခရီးကို စတင်ပါတော့တယ်။ မစ္စတာလူးနဲ့ မူတူးတို့ ဒရိုင်ဘာနှစ်ယောက် အတူလက်တွဲလာတာ ၉နှစ်ရှိပါပြီ။ ပြောစရာစကားတွေလည်း ကုန်သွားပြီး ပြောစရာထွေထွေထူးထူး မရှိတော့တဲ့အတွက် နှစ်ယောက်လုံး လမ်းမှာစကားလည်း သိပ်မပြောဖြစ်ကြဘူးလို့ ဆိုပါတယ်။

ကားမထွက်ခင်ပစ္စည်းတွေတင်နေစဉ် (Photo: Amir Yusof)

ဗုဒ္ဓဟူးနေ့ , မနက်စောစော၄နာရီ – စင်္ကာပူ Woodlands Checkpoint ကိုရောက်ပါတယ်

အင်မီဂရေးရှင်းနဲ့ အကောက်ခွန် စစ်ဆေးရေးဂိတ်တွေကို ဖြတ်ဖို့အတွက်ကလည်း စိတ်ရှုပ်ရတဲ့ အလုပ်တစ်ခုပါ။ အထူးသဖြင့် စင်္ကာပူဘက်ခြမ်းကWoodlands Checkpoint မှာအချိန်အတော်ယူရပါတယ်။ သာမန်ခရီးသည်တင်ကားတွေနဲ့ မတူတာက တင်းကျပ်တိကျသော စင်္ကာပူ၏စည်းမျဉ်းများကြောင့် အထပ်ထပ်စစ်ဆေးခြင်းကို ခံရပါတယ်။ ဒါ့အပြင် တစ်လကိုတစ်ခါ သို့မဟုတ်နှစ်ခါလောက်တော့ ကားပေါ်တင်လာသမျှ ပါကင်ဗူးများအားလုံးကို ဖွင့်စေကာ အသေးစိတ် စစ်ဆေးပါသေးတယ်။ ဒါကို မစ္စတာလူးတို့က “မနက်ခင်းကျန်းမာရေး လေ့ကျင့်ခန်း” လို့ အမည်ပြောင်ပေးထားကြပါတယ်။ “ကျွန်တော်တို့က တရားမဝင်တာ ဘာတစ်ခုမှ သယ်လာတာမဟုတ်ပေမယ့် သူတို့သူတို့အလုပ် သူတို့လုပ်နေကြတာဆိုတော့ နားလည်ပေးရမှာပေါ့” ဟုမစ္စတာလူးက အကောင်းမြင်ပေမယ့် သိပ်ပြီးနားမလည်နိုင်ဖြစ်နေတဲ့ မူတူး တစ်ယောက်ကတော့ သူတို့က ပြောတော့အလွယ်လေး ပါကင်သေတ္တာပေါင်း ရာနဲ့ချီကို ဖွင့်ရတာ လွယ်တဲ့အလုပ်မဟုတ်ကြောင်း ပြီးသွားရင်လည်း ဘယ်သူမှပြန်ထုတ်ပိုးပေးတာမဟုတ်ပဲ ကိုယ့်ဟာကိုယ်ပဲ ပြန်လုပ်ကြရကြောင်း စောဒကတက်ပါတယ်။

မနက်စောစော စင်္ကာပူရောက် မစ္စတာလူး (Photo: Amir Yusof)

ဗုဒ္ဓဟူးနေ့ , မနက်၈နာရီခွဲ- စင်္ကာပူ ပါဆားပန်းဂျန်း လက်ကားဈေးကြီးမှာ ပစ္စည်းတွေချပါတယ်။

စင်္ကာပူ ပါဆားပန်းဂျန်း လက်ကားဈေးကြီးကိုရောက်တော့ မစ္စတာလူးတို့ ဒရိုင်ဘာနှစ်ယောက်ကိုယ်တိုင် ထရပ်ကားပေါ်မှာပါလာတဲ့ ဟင်းစီးဟင်းရွက် ၁၅တန်ခန့်ကို အောက်ချဖို့ပြင်ဆင်ရပါတယ်။ သူတို့ရဲ့အလုပ်ချိန်အတွင်းမှာ ဒီအချိန်က ကိုယ်ကာယစိုက်ထုတ်ပြီး ပင်းပင်ပမ်းပမ်း လုပ်ကြရတဲ့အချိန်ပါပဲ။ ကားပေါ်ကို တက်လိုက်ဆင်းလိုက်နဲ့ ပစ္စည်းတွေချမယ်၊ ပစ္စည်းတွေတင်ထားတဲ့ လေးလံလှတဲ့ ထရောလီကြီးတွေကိုတွန်းပြီး သွင်းရမယ့်လက်ကားရောင်းသူ ဖောက်သည်ရဲ့ဆိုင်ခန်းအထိ ရောက်အောင်ပို့ရပါတယ်။

ထရော်လီတွန်းရင်း လမ်းဖယ်ပေးရန် အော်ဟစ်ပြောဆိုနေစဉ် (Photo: Amir Yusof)

အခုလိုပင်ပင်ပန်းပန်း လုပ်ရပေမယ့်လည်း မစ္စတာလူးတစ်ယောက် ပျော်ပျော်ပဲလုပ်နိုင်ပါသတဲ့။ အချိန်အများစုက ကားပေါ်မှာပဲ ထိုင်နေရင်းကုန်းဆုံးရတဲ့အတွက် ချွေးထွက်အောင်လုပ်ရတဲ့ အလုပ်က သူ့ကိုအညောင်အညာပြေပြီး လန်းဆန်းစေပါတယ်။

မစ္စတာလူးရဲ့ အကူဒရိုင်ဘာ မူတူး (Photo: Amir Yusof)

ကားပေါ်ကပစ္စည်းတွေချပြီးလို့ မကြာပါဘူး ဒီနှစ်ယောက်က မလေးရှားဘက်ကို ပြန်ဖို့စတင်ပါတယ်။

ဗုဒ္ဓဟူးနေ့ , ညနေ ၄နာရီ – စင်္ကာပူကနေ အပြန်လမ်းမှာ မလက္ကာစက်မှုဇုံထဲ (industrial area in Melaka )ကစက္ကူကတ်ထူပြားတွေထုတ်တဲ့ စက်ရုံတစ်ခုကို ဝင်ရပါသေးတယ်။ အဲဒီစက်ရုံက စွန့်ပစ်ဖို့ရည်ရွယ်ထားတဲ့ ကတ်ထူညှပ်စတွေနဲ့ အနာအဆာရှိနေတဲ့ ကတ်ထူပြားတွေကို လာတင်တာဖြစ်ပါတယ်။ အဲဒါတွေကို မစ္စတာလူးတို့ စက်ရုံပြရောက်တဲ့အခါ ဟင်းသီးဟင်းရွက်တွေ ထုပ်ပိုးနိုင်ဖို့အတွက် ပြန်လည်ပြင်ဆင် အသုံးပြုနိုင်ပါတယ်။ စက်ရုံအလုပ်သမားတွေ ကားပေါ်ကို ကတ်ထူပြားတွေ တင်ပေးတာကို ပုံမှန်အားဖြင့် အချိန်တစ်နာရီကနေ နှစ်နိုင်ရီခန့် စောင့်ရပါသေးတယ်။

စက်ရုံတွင် ကားပေါ်သို့ စက္ကူကတ်ထူပြားများ တင်နေစဉ် (Photo: Amir Yusof)

ကြာသပတေးနေ့ , မနက် ၃နာရီ – အကူဒရိုင်ဘာ မူတူးကို သူ့အိမ်ရှိတဲ့ ဘီဒေါ (Bidor) မြို့ကလေးမှာ ချထားခဲ့ပြီး မစ္စတာလူးတစ်ယောက်ထဲ ကင်မရွန်းဟိုက်လန်း (Cameron Highlands) တောင်တက်လမ်းကို မောင်းတက်ခဲ့တော့တယ်။ အပေါ်ကိုရောက်တော့ မနက်စောစော ၄နာရီပဲရှိသေးတဲ့အတွက် မစ္စတာလူးတစ်ယောက် ကားပေါ်မှာပဲ မိုးလင်းတဲ့အထိ အိပ်ပြီး ကားပေါ်တင်လာတဲ့ စက္ကူကတ်ထူပြားတွေ အခိုးမခံရအောင် စောင့်နေရပါသေးတယ်။

မနက်စောစော ၄နာရီမှာ ပြန်ရောက်တဲ့ မစ္စတာလူး (Photo: Amir Yusof)

မနက် ၉နာရီဝန်းကျင်မှာတော့ စက္ကူကတ်ပြားတွေကို အလုပ်သမားတွေက ကားပေါ်ကနေ ချကြပါတယ် .. အဲဒီအချိန် မစ္စတာလူးတစ်ယောက် အချိန်အနည်းငယ်ရတဲ့အတွက် မြို့ထဲခဏသွားပြီး လုပ်စရာရှိတာလေးတွေ လုပ်ချိန်ရပါတယ်။

မနက် ၁၁နာရီဝန်းကျင်လောက်မှာတော့ အနီးပတ်ဝန်းကျင် စိုက်ခင်းတွေဆီကနေ ဟင်းသီးဟင်းရွက်တွေ​က မစ္စတာလူးတို့ ရုံးခန်းရှိရာကို ရောက်လာပါပြီ။ ဒါက မစ္စတာလူးရဲ့  ဒီကနေ့သွားရမယ့် ခရီးစဉ်အတွက်ပါ။

နောက်ထပ်ခရီးစဉ်အတွက် ကားပေါ်ပစ္စည်းတွေတင်နေတဲ့ မစ္စတာလူး (Photo: Amir Yusof)

အလုပ်သမားတွေနဲ့အတူ ကားပေါ်ကို ဟင်းသီးဟင်းရွက်တွေ တင်အပြီးမှာတော့ မစ္စတာလူးအတွက် အိမ်ပြန်ပြီး ခဏတဖြုတ်နားဖို့ အချိန်ရပါတယ်။ သူ့ရဲ့စင်္ကာပူကို သွားပို့ရမယ် နောက်ခရီးစဉ်က ညနေ၇နာရီမှာ ပြန်စမှာဖြစ်ပါတယ်။

————-

Ref : CNA (Channel News Asia) ရဲ့ဆောင်းပါး “48 hours on the road: Life of a Malaysian trucker who delivers vegetables to Singapore” ကိုဘာသာပြန်ထားတာပါ။

Let’s Angry

Kailash Satyarthi ဟာ အိန္ဒိယနိုင်ငံသား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူဖြစ်ပြီး သူနဲ့ သူ့အဖွဲ့အစည်းရဲ့ ကြိုးပမ်းမှုများကြောင့် ကလေးသူငယ်ပေါင်း ၈၃၀၀၀ ခန့်ကို မတရားခိုင်းစေခြင်းမှ ကာကွယ်ပေးနိုင်ခဲ့ပြီ ဖြစ်တယ်။ ၂၀၀၄ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပါကစ္စတန်နိုင်ငံသူ မာလာလာယူဆွတ်ဘိုင်နဲ့အတူ ပူးတွဲချီးမြင့်ခြင်း ခံရပါတယ်။

ကမ္ဘာကြီးကို တိုးတက်ပြောင်းလဲ စေဖို့အတွက် ကျနော်တို့တတွေ ဒေါသထွက်ကြဖို့၊ စိတ်ဆိုးကြဖို့ လိုတယ်လို့ နိုဘယ်ဆုရှင် ခိုင်လတ်ရှ်ဆတ်သရာသီ (Kailash Satyarthi) ကသူ့ရဲ့ နာမည်ကျော် ဟောပြောပွဲ တစ်ခုမှာ တိုက်တွန်းထားပါတယ်။

ဒီကနေ့ ကျနော်ခင်ဗျားတို့ကို ဒေါသနဲ့ ပတ်သက်ပြီးပြောချင်ပါတယ်။ ကျနော်အသက် ၁၁နှစ်အရွယ်မှာ ကျနော့်အတန်းဖော် သူငယ်ချင်းတွေ ကျောင်းကထွက်သွားတာတွေ တွေ့ရတယ်။ ကျောင်းသုံးဖတ်စာအုပ်ဖိုးတွေတောင်မတတ်နိုင်တော့လို့ ကျောင်းက ထွက်ကြရတယ်။ ဒါတွေကိုမြင်တော့ ကျနော် ဒေါသထွက်ရတယ်။

အခိုင်းအစေ လုပ်နေရတဲ့ ဖခင်ရဲ့ ဆင်းရဲကျပ်တည်းမှုကြောင့် သမီးဖြစ်သူကို ပြည့်တန်ဆာလုပ်ဖို့ ရောင်းချရတဲ့ အဖြစ်ကို ကြားတော့လည်း ကျနော် ဒေါသထွက်ရတယ်။ အသက် ၅၀အရွယ်မှာ ကျနော့်သားအရင်းနဲ့ အတူတူ သွေးအိုင်ထဲမှာ လဲကျနေတုန်းကလည်း ကျနော်ဒေါသထွက်တယ်။

ဒေါသထွက်ခြင်းဟာ မကောင်းဘူးလို့ ကျနော်တို့ အရိုးစွဲနေကြတယ်။ မိဘတွေ ဆရာသမားတွေကလည်း ဒေါသမထွက်အောင် ဘယ်လိုနေထိုင်ရမလဲ ဆိုတာကိုပဲ ကျနော်တို့ကို ထပ်တလဲလဲ သင်ပေးခဲ့ကြတယ်။
ဘာကြောင့်ကျနော်တို့ ဒေါသမထွက်ပဲ နေရမှာလဲ .. ဒေါသကို အသွင်ပြောင်းပြီး ကျနော်တို့ လူအဖွဲ့အစည်းကို ပိုကောင်းလာအောင် ကျနော်တို့ လုပ်နိုင်တယ်။ ကျနော်အဲလိုပဲ လုပ်ခဲ့တာပါ။

ကျနော်စိတ်ဆိုး ဒေါသထွက်နေတဲ့ အချိန်တွေမှာ ဘာလုပ်သင့်သလဲဆိုတဲ့ အကောင်းဆုံး စိတ်ကူးတွေကို ရခဲ့တယ်။ အသက်၃၅ နှစ်အရွယ် အချုပ်ခန်းကျဉ်းကျဉ်းလေးထဲမှာ တစ်ညလုံး တိုက်ပိတ်ခံထားရတုန်းက ကျနော် အကြီးအကျယ် ဒေါသထွက်ခဲ့ရတယ်။ အဲဒီညမှာပဲ အကောင်းဆုံးစိတ်ကူးတွေကို ကျနော်ရခဲ့တာပါပဲ။ ဒီအကြောင်းတွေကို နောက်တော့ ဆက်ပြောပါမယ်။ ကျနော့်ကို ဒီလိုလုပ်ဖြစ်အောင် တွန်းအားပေးခဲ့တဲ့ ဇတ်လမ်းလေးကိုပဲ လောလောဆယ် ဆက်ပြောပါရစေ။

မဟတ္တမဂန္ဒီကြီးကို ကျနော်ကလေးဘဝကတည်းက လေးစားအားကျခဲ့တယ်။ သူက အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးရဖို့ ဦးဆောင် တိုက်ပွဲဝင်ခဲ့တယ်။ ဒါပေမယ့် သူအဓိကသင်ကြားပေးသွားတာက အားနည်းတဲ့ အဆင်းရဲဆုံးလူတွေကို လေးလေးစားစား ဆက်ဆံတတ်ဖို့ပါပဲ။ အဲဒီအချိန် ၁၉၄၆ မှာ ဂန္ဒီကြီးရဲ့မွေးနေ့ကို အိန္ဒိယမှာ ခမ်းခမ်းနားနား ကျင်းပမယ့် နှစ်ပေါ့။ ကျနော်အသက်က ၁၅ နှစ်ပါ။ ဂန္ဒီကြီးရဲ့မွေးနေ့ကို ထူးထူးခြားခြား အစီအစဉ်တွေနဲ့ ကျင်းပပေးဖို့ ကျနော် စိတ်ကူးတစ်ခု ရတယ်။

အားလုံးလည်းသိကြတဲ့အတိုင်း အိန္ဒိယမှာ လူများစုဟာ ဇတ်နိမ့်တွေအဖြင့် မွေးဖွားလာကြတာပါ။ သူတို့ဟာ လူတကာရဲ့ အပယ်ခံတွေပါ။ ဘုရားကျောင်းတွေကို သွားခွင့်မရှိသလို ဇတ်မြင့်တွေရဲ့ နေအိမ်တွေ၊ ဆိုင်တွေကိုတောင် ဝင်ထွက်သွားလာခွင့် မရှိကြပါဘူး။

ကျနော်တို့မြို့က နိုင်ငံရေးခေါင်းဆောင်တွေက ဂန္ဒီကြီးရဲ့ ဇတ်နိမ့် ဇတ်မြင့်အပေါ်ထားတဲ့ သဘောတရားတွေကို ပြောဆို ဟောပြောနေကြတာတွေကို တွေ့တော့ ကျနော်အားရဝမ်းမြောက်မိတယ်။ ကျနော့်စိတ်ကူးက ဇတ်နိမ့်ထဲက လူတစ်ချို့ကိုဖိတ်ပြီး အစားအစာတွေ ချက်ပြုတ် ပြင်ဆင်စေမယ် .. ပြီးရင် နိုင်ငံရေးခေါင်းဆောင်ကြီးတွေကို ဖိတ်ပြီး ကျွေးမွေးမယ်ပေါ့။ ကျနော်တို့ ပတ်ဝန်းကျင်မှာ စံနမူနာယူစရာအဖြင့် လုပ်ပြချင်တယ်။
ဇတ်နိမ့်ထဲက လူတစ်ချို့ဆီသွားပြီး ကျနော်ဖိတ်ကြားတဲ့အခါ သူတို့က ခါးခါးသီးသီးငြင်းဆန်ကြတယ်။ ဖြစ်နိုင်စရာမရှိသလို ဘယ်တော့မှလည်း ဒီလိုဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ကျနော်က ပြန်ပြောရတယ် “ငါတို့ခေါင်းဆောင်တွေက ဒါနဲ့ပတ်သက်ပြီး အမြဲတမ်းပြောဆိုနေကြတာပါ .. စိတ်မပူပါနဲ့ သူတို့လာကြမှာပါ .. တကယ်လို့ တယောက်မှ မလာရင်လည်း ငါတို့တခုခုသေချာသိသွားတာပေါ့” ။

သူတို့က ကျနော့်ကို စိတ်မမှန်တဲ့သူလို့ ထင်နေပုံရတယ်။ နောက်ဆုံးတော့ သူတို့ လာရောက်ပေးဖို့ လက်ခံကြပါတယ်။

ကျနော့်သူငယ်ချင်းတွေနဲ့ အတူ စက်ဘီးတွေနင်းပြီး နိုင်ငံခေါင်းဆောင်တွေရဲ့ အိမ်တွေကို တအိမ်တက် တအိမ်ဆင်း လိုက်ဖိတ်ကြပါတယ်။ အားလုံးကလည်း တက်ရောက်ဖို့ သဘောတူကြပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ နမူနာကောင်းတစ်ခု လုပ်ပြနိုင်တော့မှာ ဖြစ်လို့ အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်။
အဲဒီနေ့ရောက်တော့ မူလက သဘောတူထားတဲ့ အတိုင်းပဲ ဇတ်နိမ့်တွေထဲက အမျိုးသမီး ၃ဦးနဲ့ အမျိုးသား ၂ဦးတို့ ရောက်လာကြတယ်။ အတတ်နိုင်ဆုံး အကောင်းဆုံး အဝတ်အစားတွေ သူတို့ဝတ်လာကြတယ်၊ အိုးခွက်ပန်းကန် အသစ်တွေကိုလည်း သယ်လာကြတယ်။ ကျနော်အခုထိကို မျက်စိထဲမှာ မြင်နေတုန်းပါပဲ။ အခေါက်ခေါက် အခါအခါ ရေချိုးသန့်စင်ခဲ့ကြတယ်။ သူတို့အတွက် ဒီလိုမျိုးက ဘယ်တုန်းကမှ မကြုံဖူးတဲ့ ကိစ္စကြီးမဟုတ်လား။ နောက်တော့ ၇နာရီထိုးတဲ့အချိန်မှာ အစားအသောက်တွေအားလုံး ပြင်ဆင်ချက်ပြုတ်ပြီးသွားတယ်။ ၈နာရီထိုးသွားတဲ့အထိ ကျနော်တို့စောင့်တယ်။ လူကြီးတွေဆိုတာ ထုံးစံအတိုင်း နောက်ကျတတ်တယ် မဟုတ်လား။

၈နာရီ ကျော်သွားပြီးတဲ့နောက် ကျနော်တို့ စက်ဘီးတွေနဲ့ ခေါင်းဆောင်ကြီးတွေအိမ်ကို သတိပေးဖို့ လိုက်သွားတယ်။ ပထမ တစ်ယောက်ရဲ့ဇနီးနဲ့ပဲတွေ့တယ် .. သူ့ယောက်ျား နေမကောင်းလို့ မလာနိုင်တော့ကြောင်း ပြောပါတယ်။ နောက်တစ်အိမ်မှာလည်း ခေါင်းဆောင်းကြီးရဲ့ ဇနီးနဲ့ပဲ တွေ့ရတယ် သူက “မင်းတို့သွားနှင့်ပါ သူလာပါလိမ့်မယ်” လို့ပဲပြောပါတယ်။ အဲဒီတော့ ကျနော်ထင်တယ် ညစာစားပွဲက ထင်သလိုကြီးကျယ်တော့မှာ မဟုတ်ဘူး .. ဖြစ်တော့ဖြစ်သွားလိမ့်မယ်လို့ ထင်တာပါပဲ။

ကျနော်တို့ ညစာစားပွဲလုပ်မယ့် မဟတ္တမဂန္ဒီ ပန်းခြံဆီကို ပြန်လာခဲ့ကြတယ်။ ည၁ဝနာရီကျော်တဲ့အထိ စောင့်ကြတယ်။ ဘယ်ခေါင်းဆောင်ကြီးမှ ရောက်မလာကြပါဘူး။ ဒါက ကျနော့်ကို ဒေါသထွက်စေပါတယ်။ ဟတ္တမဂန္ဒီ ရုပ်တုကြီးကို မှီပြီးကျနော်ရပ်နေမိတယ်။ စိတ်ထဲကလည်း စိတ်ပျက်မောပန်းနေတာပေါ့ဗျာ။ နောက်တော့ စားစရာတွေ ခင်းကျင်းထားတဲ့ နေရာမှာ ထိုင်ချလိုက်တယ်။ စားစရာတစ်ခုကို ယူစားလိုက်တဲ့ အချိန်မှာပဲ ထိန်းထားတဲ့ကြားက ကျနော်မျက်ရည်တွေ ကျလာတယ်။ ရုတ်တရက် ကျနော့်ပခုန်းပေါ် လက်တစ်ဖက်လာတင်တာကို ခံစားရတယ်။ ဇတ်နိမ့်အမျိုးသမီးကြီးက ကျနော့်ကို ပြောတယ် “Kailash .. ဘာလို့ငိုနေတာလဲ .. နင်လုပ်ခဲ့ပြီးပြီပဲ .. ဇတ်နိမ့်တွေ ချက်ထားတဲ့ အစားအစာတွေကိုလည်း စားပြီးပြီပဲ .. ဒါကဘယ်တုန်းကမှ ငါတို့ဆီမှာ မဖြစ်ခဲ့ဖူးဘူး .. နင်နိုင်ပါတယ်” တဲ့ .. မှန်တာပေါ့ဗျာ။

ညသန်းခေါင်ကျော်မှ ကျနော်အိမ်ပြန်ခဲ့တယ်။ အိမ်ထဲမှာ ဇတ်မြင့်တွေထဲက လူကြီးတချို့ထိုင်နေကြတာကို တွေ့တော့ ကျနော်လန့်သွားတယ်။ ကျနော့်အမေနဲ့ ဆွေမျိုးသားချင်းတွေက ငိုကြွေးပြီး ဒီလူကြီးတွေကို တောင်းပန်နေကြရတယ်။ ဘာလို့ဆိုတော့ သူတို့က ကျနော်တို့ မိသားစု အားလုံးကို ဇတ်မြင့်အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ဖို့ ခြိမ်းခြောက်ကြတဲ့ အတွက်ဖြစ်ပါတယ်။

ကျနော်တို့ဆီမှာ မိသားစုလိုက် အသိုင်းအဝိုင်းမှ ဖယ်ကျဉ်ခံရတာဟာ အကြီးမားဆုံး လူမှုရေး ပြစ်ဒဏ်ခတ်ခြင်းခံရတာလို့ ပြောလို့ရပါတယ်။ နောက်ဆုံးမှာတော့ ကျနော့်တစ်ယောက်ထဲကိုပဲ ပြစ်ဒဏ်ခတ်ဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီပြစ်ဒဏ်က ကိုယ့်ကိုယ်ကို ပြန်လည် သန့်စင်အောင် လုပ်ဖို့ပါ။ အိမ်ကနေမိုင် ၆ဝဝ လောက်ဝေးတဲ့ ဂင်္ဂါမြစ်မှာ သွားပြီး ရေချိုးသန့်စင်ရမယ် .. ပြီးရင် ဘုန်းတော်ကြီး ၁ဝ၁ ပါးကို ပင့်ဖိတ်လှူဒါန်းပြီး သူတို့ရဲ့ ခြေထောက်ဆေးထားတဲ့ ရေကို သောက်ရမယ်လို့ ဆိုပါတယ်။

ဒါက လုံးဝအဓိပ္ပယ်မရှိဘူး၊ မလုပ်နိုင်ဘူးလို့ ကျနော်ငြင်းလိုက်တယ်။ အဲဒီတော့ သူတို့က ကျနော့်ကို ဘယ်လိုဆက်ဆံကြသလဲ ခင်ဗျားတို့ သိလား ? အိမ်ထဲက မီးဖိုဆောင်နဲ့ ထမင်းစားခန်းကို ကျနော်ဝင်ခွင့် မရတော့ဘူး။ ကျနော်သုံးဖို့ အိုးခွက် ပန်းကန်တွေကို သတ်သတ်စီ ဖယ်ထားလိုက်ကြတယ်။ အဲဒီညမှာ ကျနော် ဒေါသထွက်ရတယ်။ သူတို့က ကျနော့်ကို ဖယ်ထုတ်ဖို့ ကြိုးစားကြတယ် ကျနော်ကတော့ အဲဒီအသိုင်းအဝိုင်း တစ်ခုလုံးကို ကျနော့်ဘဝထဲက ဖယ်ထုတ်ပစ်ဖို့ကိုပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။

ပထမဦးဆုံး ကျနော်နာမည်ကို ပြောင်းပစ်ဖို့စဉ်းစားတယ်။ ကျနော်တို့ အိန္ဒိယမှာ မိသားစုနာမည်ကို ကြည့်ခြင်းအားဖြင့် ဇတ်နိမ့်၊ ဇတ်မြင့်ကို ခွဲခြားနိုင်ပါတယ်။ နောက်ဆုံးတော့ ကျနော် ကိုယ့်ဟာကိုယ် Satyarthi ဆိုပြီး နာမည် ပြောင်းလိုက်နိုင်ပါတယ်။ အမှန်တရားကို ရှာဖွေသူလို့ အဓိပ္ပါယ်ရပါတယ်။ ဒါက ကျနော့်ရဲ့ ဒေါသကို ပုံသဏ္ဍာန် ပြောင်းလိုက်နိုင်ခြင်းရဲ့ မူလအစပါပဲ။

ကျနော် အခုလို ကလေးသူငယ် အခွင့်အရေး ဆိုင်ရာကိစ္စတွေကို မလုပ်ခင်က ကျနော်ဘာလုပ်သလဲဆိုတာကို ခင်ဗျားတို့ထဲက တယောက်မဟုတ် တယောက်တော့ သိပါလိမ့်မယ်။ ကျနော်က အင်ဂျင်နီယာ .. လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက်ပါ။ မီးလောင်နေတဲ့ ကျောက်မီးသွေးတွေ၊ ဓာတ်ပေါင်းဖိုကြီးတွေထဲက နယူကလိယ ပေါက်ကွဲမှုကြီးတွေ၊ အရှိန်ပြင်းပြင်းနဲ့ စီးနေတဲ့ မြစ်ရေတွေ၊ တိုက်ခတ်မှုမှုပြင်းတဲ့ လေတွေ ကနေ လူသန်းပေါင်းများစွာအတွက် အလင်းရောင်တွေ စွမ်းအင်တွေအဖြင့် အသွင်ပြောင်းလိုက်နိုင်တယ် ဆိုတာကို ကျနော် လေ့လာ သင်ကြားခဲ့ရတယ်။ အလားတူပဲ ထိန်းချုပ်လို့မရနိုင်လောက်တဲ့ ပေါက်ကွဲမှုတွေထဲကနေ ကျနော်တို့ လူ့ပတ်ဝန်းကျင် အတွက် ကောင်းတဲ့စွမ်းအားတွေအဖြင့် ပြောင်းလိုက်နိုင်တယ်လို့ ကျနော်သတိထားမိတယ်။

ခုဏက ပြောခဲ့တဲ့ အချုပ်ခန်းထဲကို ကျနော်ရောက်ရတဲ့အကြောင်း ဆက်ပြောပါမယ်။ တဒါဇင်လောက်ရှိတယ့် ကလေးတွေကို ကျွန်အဖြင့်ကနေ ကယ်တင်ပြီး သူတို့မိဘတွေဆီ ပြန်အပ်ရတဲ့ အချိန်မှာ ပြောမပြနိုင်လောက်အောင် ဝမ်းသာပီတိ ဖြစ်ရတယ်။ တစ်နေ့ နယူးဒေလီမှာ ကျနော်အိမ်ပြန်ဖို့ ရထားစောင့်နေတဲ့အချိန် ကျနော်ကလေးငယ် တစ်ဒါဇင်လောက်ကို ဘူတာရုံမှာတွေ့တယ်။ လူတစ်ယောက်ကလည်း သူတို့ကို လူကုန်ကူးဖို့ ကြံစည်နေတာကိုလည်း တွေ့ပါတယ်။ ကျနော်သူတို့ကို တားလိုက်နိုင်တယ်၊ ပြီးတော့ ရဲကိုခေါ်ပြီး အကျိုးအကြောင်း ရှင်းပြလိုက်တယ်။ ရဲတွေက ကျနော့်ကို ကူညီရမယ့်အစား ကျဉ်းကြပ်နေတဲ့ အချုပ်ခန်းလေးထဲ ကျနော့်ကို တိရိစ္ဆာန်တစ်ကောင်လို ပစ်ထည့်လိုက်တာပါ။ အဲဒီညက ကျနော့်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့သလို အကောင်းဆုံး စိတ်ကူးတွေကိုလည်း မွေးဖွားစေခဲ့ တာပါပဲ။

ကျနော်စဉ်းစားမိတာက ကလေး၁၀ယောက်ကို ကယ်တင်လိုက်နိုင်တယ် .. ဒါက ရပ်သွားမှာတော့ မဟုတ်ဘူး .. နောက်ထပ် အယောက်၅၀လည်း ဖြစ်လာနိုင်တာပါပဲ။ ကျနော် စီးပွားရေးသမား ထုတ်လုပ်သူတွေရဲ့ အင်အားကိုလည်း တွက်ဆမိတယ်။ ကလေးအလုပ်သမားတွေရဲ့ လုပ်အားမပါတဲ့ ထုတ်ကုန်တွေကို တိုးမြင့်ဝယ်ယူဖို့ ကမ်ပိန်း တစ်ခု ကျနော်လုပ်ခဲ့တယ်။ ကမ္ဘာတစ်ဝှမ်းမှာလည်း လုပ်တဲ့သူတွေ လုပ်ကြတယ်။ ဥရောပနဲ့ အမေရိကမှာတော့ ကျနော်တို့ အောင်မြင်တယ်။ အဲဒီရဲ့ ရလဒ်တွေက ကလေးသူငယ်များကို အဓ္ဓမခိုင်းစေမှုတွေကို တောင်အာရှနိုင်ငံတွေမှာ ၈၀ ရာခိုင်နှုန်းအထိ လျော့ကျစေခဲ့တာပါပဲ။

ကျနော်အသက် ၁၁နှစ်အရွယ်မှာ ပညာရေးက ကလေးတွေအတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာကို သိခဲ့တယ်။ ကျောင်းစာအုပ်ဟောင်းတွေကို စုပြီး ချို့တဲ့တဲ့ ကလေးတွေကို ထောက်ပံ့ဖို့ စိတ်ကူးရတယ်။ စာကြည့်တိုက်ကလေးတစ်ခု ထူထောင်ခဲ့တယ်။ ဒါက ရပ်မသွားပါဘူး နောက်ပိုင်းမှာ ပညာရေးကို အဓိက တွန်းအားပေးမယ့် အကြီးဆုံး လူမှုရေး အဖွဲ့အစည်းတစ်ခုကို ထူထောင်နိုင်ခဲ့တယ်။ ဒါက ကူညီကယ်ဆယ်ရေး လုပ်ငန်းအဖြင့်ကနေ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေး ဖြစ်တယ် ဆိုတဲ့ အသိကို ပြောင်းလဲပေးနိုင်ခဲ့တယ်။ အဲဒီနောက် ၁၅နှစ်အတွင်းမှာ ကျောင်းမတက်နိုင်တဲ့ ကလေးအရေအတွက် ထက်ဝက်ခန့်ကို လျော့ချနိုင်ဖို့ ကျနော်တို့ကို အများကြီး အထောက်အကူ ဖြစ်စေခဲ့တာပါ။

ပြည့်တန်ဆာအိမ်ကို ရောင်းချခံရတော့မယ် မိန်းကလေးကို ကယ်တင်လိုက်စဉ်က ဖြစ်ရတဲ့ဒေါသကလည်း ကျနော့်ကို ဘယ်လိုဘယ်ပုံ ကယ်တင်သင့်သလဲဆိုတဲ့ အတွေးအခေါ်သစ်တွေကို ပေးပါတယ်။ ကျနော်ဂုဏ်ယူစွာနဲ့ပဲ ပြောပါရစေ .. ကျနော်တို့ ကယ်တင်နိုင်ခဲ့တာ ဆယ်ယောက်၊ အယောက်နှစ်ဆယ် မကပါဘူး .. ကျနော်နဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကလေးသူငယ်ပေါင်း ၈၃၀၀၀ ကျော်ကို အဓမ္မ ခိုင်းစေခြင်းကနေ လွတ်မြောက်စေပြိး မိဘတွေဆီကို ပြန်အပ်နိုင်ခဲ့တယ်။

ဒါက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လုပ်ဖို့ လိုနေတယ်ဆိုတာ ကျနော် သဘောပေါက်တယ်။ ကျနော်တို့ ကမ္ဘာ အနှံ့မှာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ချီတက်ဆန္ဒပြပွဲတွေ ၊ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲတွေ တောက်လျောက်လုပ်ကြတယ်။ အဲဒါရဲ့ရလဒ်က တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့  ၁၅နှစ်အတွင်း ကလေးအလုပ်သမား ၃ ချိုးတစ်ချိုး လျော့ချနိုင်ခဲ့ပါပြီ။

ဒီတော့ကာ .. အဲဒီလိုတွေ ဖြစ်လာနိုင်ဖို့ ဒေါသထွက်ရာကနေ စတာပါပဲ။ ဒေါသကနေ စွမ်းအင်တွေ ဖြစ်လာတယ် .. နောက်တော့ စိတ်ကူးတွေရတယ် .. လုပ်ဆောင်ချက်တွေ အဖြင့် ပြောင်းသွားတယ်။ ဒီအတိုင်း ကျနော်လုပ်ခဲ့တာပဲ။ ဒေါသက စွမ်းအားရှိတယ် ၊ ဒါက သဘာဝတရားပဲ ဖျက်ဆီးလို့ မရဘူး၊ ကွယ်ပျောက်မသွားနိုင်ဘူး။ ဒါကြောင့် ဒေါသတွေကို အသွင်ပြောင်းပြီး ကမ္ဘာကြီး ပိုကောင်းလာဖို့ ကျနော်တို့ ဘာလို့ မလုပ်နိုင်ရမှာလဲ ?

လူတိုင်းကိုယ်စီရဲ့ ကိုယ်တွင်းမှာ ဒေါသဆိုတာ ရှိပါတယ်။ ကျနော်တစ်ခု ပြောပါရစေ .. တကယ်လို့များ ဒီဒေါသတွေကို အတ္တတွေနဲ့ ကျဉ်းမြောင်းတဲ့ စက်ဝန်းလေးထဲမှာပဲ ချုပ်ထားမယ်ဆိုရင်တော့ ဒေါသကနေ မုန်းတီးမှုတွေ၊ အကြမ်းဖက်မှုတွေ ဖျက်ဆီးမှုတွေသာ ဖြစ်လာတော့မှာပေါ့။ ဒီအတ္တစက်ဝန်းတွေကို ဖျက်ဆီးပစ်နိုင်ရင်တော့ ဒေါသကနေ ကြီးမြတ်တဲ့ စွမ်းအင်အဖြင့် ပြောင်းသွားနိုင်ပါတယ်။ ကျနော်တို့ ဒီစက်ဝန်းတွေကို ဂရုဏာတရားကို သုံးပြီး ဖြိုဖျက်ပစ်ကြရမယ်၊ ကမ္ဘာကြီးနဲ့ ချိတ်ဆက်ပြီး ပိုကောင်းလာအောင် လုပ်ကြရမယ်။ တူညီတဲ့ ဒေါသကိုပဲ ပြောင်းလဲပစ်ရမယ်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမတို့ .. နိုဗယ်လ်ဆုရှင် တစ်ယောက်အနေနဲ့ ခင်ဗျားတို့ကို ဒေါသထွက်ကြဖို့  နောက်တစ်ခေါက် ကျနော်ထပ်မံ တိုက်တွန်းချင်ပါတယ်။ ကျနော်တို့ထဲက ဒေါသအထွက်ဆုံး တစ်ယောက်က သူ့ဒေါသတွေကို စိတ်ကူးတွေ၊ ကောင်းသော လုပ်ဆောင်ချက်တွေအဖြင့် ပြောင်းလဲနိုင်ပါလိမ့်မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
………………….
TED.com က Kailash Satyarthi ရဲ့ How to make Peace ? ကိုဘာသာပြန်ထားတာပါ။ အောက်က video မှာ သူ့ရဲ့ ဟောပြောချက်ကို ကြည့်နိုင်ပါတယ်။

How to make peace? Get angry from J_J_O on Vimeo.

Shades of Magic (ပုသိမ်ထီး)

2013 နိုဝင်ဘာလထုတ် Reader’s Digest မှာပါတဲ့ ကနေဒါဓာတ်ပုံဆရာ Brent Lewin ရဲ့ဓာတ်ပုံဆောင်းပါးပါ။ ပုသိမ်ထီး လုပ်တဲ့ လုပ်ငန်းခွင်မှာ ရိုက်ထားတဲ့ စိတ်ဝင်စားစရာ ဓာတ်ပုံတွေနဲ့ အင်တာဗျူးဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃ဝ ခန့်က ဦးရွှေစာဆိုသူက သီပေါမင်းရဲ့ နန်းတော်ထဲမှာ ထီးထုတ်လုပ်သူ ပညာရှင်ဖြစ်ပါတယ်။ အဲဒီအချိန်က အဝတ်ဖြင့်ပြုလုပ်ပြီး အထူးဒီဇိုင်းများဖြင့် ဖန်တီးထားသော ထီးများကို ဘုရင့်တောင်ဝင်မိသားစုနှင့် အခွင့်ထူးခံ လူအချို့သာ တရားဝင် အသုံးပြုခွင့်ရှိတာပါ။ ထီးကို အဆောင်အယောင် သင်္ကေတ တစ်ခုအဖြင့် အသုံးပြုကြသလို အခမ်အနားအပြင်အဆင်များ၊ ဧည့်သည်ကြိုဆိုခြင်း အခမ်းအနားများတွင် သုံးကြသည်။

၁၈၈၅ခုနှစ် ရတနာပုံနန်းတော်ကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်ပြီးနောက် ဦးရွှေစာသည် ဧရာဝတီမြစ်ကိုစုန်ဆင်းကာ တိမ်းရှောင်ခဲ့သည်။ ထိုသို့စုန်ဆင်းခဲ့ရာ ကီလိုမီတာ ၇ဝဝခန့်ကွာဝေးသော ဧရာဝတီ မြစ်ဝကျွန်းပေါ်မြို့တစ်မြို့ဖြစ်တဲ့ ပုသိမ်မြို့သို့ ရောက်ရှိခဲ့သည်။ ဦးရွှေစာသည် စားဝတ်နေရေးအတွက် ထီးလုပ်သော အလုပ်ရုံကလေးကို ပုသိမ်မြို့တွင် စတင်ခဲ့သည်။ နောင်အခါ ပုသိမ်ထီးဟု နာမည်ကျော်ကြားသော ထီးများကို စတင်ထုတ်လုပ်ခဲ့လေ၏။

ယခုအခါ ပုသိမ်မြို့ကလေး၏ သင်္ကေတမှာလည်း ဦးရွှေစာ စတင်ထုတ်လုပ်ခဲ့သော ၄င်းပုသိမ်ထီးပင် ဖြစ်သည်။ နောင်အခါ ဦးရွှေစာသည် ထီးလုပ်ငန်း နည်းပညာနှင့် လျို့ဝှက်ချက်များကို သားဖြစ်သော ဦးစောထံ လက်ဆင့်ကမ်းသည်။ ဦးစောသည် အခြားသူများနှင့် စိတ်ဝင်စားသူများအား လက်ဆင့်ကမ်း သင်ကြားပေးပြီး ရိုးရာအမွေအနှစ်ကို ထိမ်းသိမ်းရန် စိတ်အားထက်သန်၏။

ဦးရွှေစာ၏သား ဦးစော

လက်ရှိအချိန်မှာတော့ ဦးစောရဲ့သားဖြစ်သူ ကိုမင်းနိုင်က အဆိုပါ မိသားစုလုပ်ငန်းကြီးကို ဦးစီးလုပ်ကိုင်လျက်ရှိပါတယ်။

“ အခုတော့ ထီးလုပ်တဲ့သူတွေက ပုသိမ်မှာ အများကြီးဖြစ်နေပါပြီ .. ကျနော့်အဖေက သူတို့ကို အလုပ်ပေးတယ်၊ စားစရာပေးတယ်၊ လစာလည်းပေးပြီး သင်ပေးပါတယ် … ကျနော့်အဖေဆီမှာ တစ်နှစ်လောက် သင်ပြီးရင်တော့ သူတို့အလုပ်ကထွက်ပြီး ကိုယ်ပိုင်အလုပ်ရုံလေးတွေ လုပ်ကြတော့တာပေါ့ ” ဟုဦးစောရဲ့သားဖြစ်သူ ကိုမင်းနိုင်က ပြောပါတယ်။

ဦးရွှေစာ၏မြေး ကိုမင်းနိုင်

ရွှေစာ ပုသိမ်ထီးအလုပ်ရုံက လက်ရှိအချိန်အထိ ပုသိမ်မှာ အကြီးဆုံးနှင့် ပြည်တွင်းပြည်ပ စျေးကွက်မှာ အကျော်ကြားဆုံး ထီးလုပ်ငန်းအဖြင့် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ကိုမင်းနိုင်ရဲ့အလုပ်ရုံမှာ အလုပ်သမား ၂၅ယောက်ခန့်ရှိပြီး ကျယ်ပြန့်တဲ့ခြံကြီးထဲမှာ အလုပ်သမားတချို့က လုပ်ပြီးသား ထီးတွေကို နေလှန်းပြီး အခြောက်ခံနေကြသလို၊ အချို့ကလည်း နောက်တသုတ်လုပ်မယ့် ထီးတွေအတွက် ဝါးတွေဖြတ်ပိုင်းကာ ပြင်ဆင်နေကြတာကို တွေ့ရပါမယ်။ တချို့ကလည်း လုပ်လက်စ ထီးတွေအတွက် ထီးဖရိမ်အကြမ်းထည်တွေ တပ်ဆင်နေကြတယ်။ အမျိုးသမီးတချို့ သီချင်းတကြော်ကြော်နဲ့ ထီးအမိုးပိတ်စတွေကို တိုင်းထွာပြီး ဖြတ်တောက်နေကြ၏။ အစကနေ အဆုံးထိ ဘာစက်ကိရိယာကိုမှ မသုံးပဲ ရာနှုန်းပြည့် handmade ဖြစ်တဲ့အကြောင်း ကိုမင်းနိုင်က ဂုဏ်ယူစွာနဲ့ ပြောပါတယ်။

ပုသိမ်ထီးတွေကို တပ်ဆင်ထုတ်လုပ်ရာမှာ အဆင့်ပေါင်း ၅၆ ဆင့်ရှိပြီး အချိန်ကာလ တစ်ပတ်အထိကြာပါတယ်။ ထုတ်လုပ်ရာမှာ အဓိကအရေးကြီးတဲ့ အစိတ်အပိုင်းနှစ်ခုကတော့ ဝါးဖြင့်ပုံစံသွင်းရာတွင် သေသပ်မှုနှင့် အသုံးပြုသည့် အဝတ်ပိတ်စ အမျိုးအစားပေါ်တွင် မူတည်သည်ဟု ကိုမင်းနိုင်က ရှင်းပြသည်။ “ကျနော်တို့ ဝါးတွေကိုရွေးချယ်ရာမှာလည်း မိုးရာသီမှာ ခုတ်ထားတဲ့ ဝါးတွေကိုပဲ သုံးပါတယ် .. အဲဒါမှ အကောင်းဆုံး အခြေအနေကို ရမှာပါ။” “သုံးမယ့်သစ်တွေကိုလည်း သဘာဝအတိုင်း နှစ်လလောက် ရေစိမ်ထားပြီး အရောင်ချွတ်ပါတယ်” အဲဒီနှစ်ဆင့်စလုံးက သစ်တွေဝါးတွေမှာရှိတဲ့ ပိုးမွှားတွေကို ဖယ်ရှားနိုင်ဖို့ပါ။

ထီးလုပ်ရာမှာ အသုံးပြုသည့်ကော်ကို နဂိုမူလနည်းပညာအတိုင်း ပီလောပီနံ၊ တည်သီးအရည်၊ ကောက်ညင်းအမှုန့်တို့ကို ရောစပ်အသုံးပြုသည်။ နောက်ဆုံးအဆင့် နေလှမ်းအခြောက်ခံပြီးသော ထီးအသစ်များကို အရောင်တင်ရန်အတွက် နှမ်းဆီကို အသုံးပြုသည်။

တင်ပို့ရောင်းချမည့် နေရာဒေသပေါ်မူတည်ပြီး ထီးအပေါ်မှာ ရေးချယ်ရသည့် အရောင်ဒီဇိုင်းများလည်း ကွဲပြားသည်ဟု ကိုမင်းနိုင်က ရှင်းပြသည်။ “မန္တလေးဘက်ကို ပို့မယ်ဆို သူတို့အကြိုက်က အရောင်၂ရောင် ဒါမှမဟုတ်၃ရောင်၊ ပန်းပုံလေးတွေနဲ့ လိပ်ပြာပုံကလေးတွေ ဒီဇိုင်းလုပ်ပေးရတယ်။ ဒါက တော်ဝင်နန်းတွင်းမှာသုံးတဲ့ အရောင်ဒီဇိုင်းမျိုးပေါ့။ ပုဂံဘက်ကိုဆိုရင်တော့ အရောင်မှိုင်းမှိုင်း ရှေးကျကျဒီဇိုင်းပါ … ဒါက ကျနော်တို့ဆီမှာ ရေပန်းအစားဆုံး ဒီဇိုင်းလည်း ဖြစ်ပါတယ်။ အနီရောင်၊ အညိုရောင်နှင့် အဖြူဆွတ်ဆွတ်တွေက ပုဂံဘုရား နံရံဆေးရေးတွေမှာ တွေ့ရလေ့ရှိတဲ့ အရောင်အတွဲအစပ်တွေပါ။”

“ရှေးဒီဇိုင်းတွေ၊ ရိုးရာအငွေ့အသက်တွေကို ခေတ်ပေါ်ရေးနည်းနဲ့ တွဲစပ်ရတာကို ကျနော်ကြိုက်ပါတယ်။ရေးဆွဲသမျှ  လိုင်းတွေ pattern တွေကိုလည်း အမြဲတမ်း ဆန်းသစ်နေစေဖို့ အလေးအနက်ထားပါတယ်။”

အဝတ်ပိတ်စ သုံးတဲ့ထီးတွေကို ဘုန်းတော်ကြီးတွေကတော့ ယနေ့အချိန်ထိ သုံးစွဲနေကြဆဲဖြစ်သည်။ သာမန်အားဖြင့် ပုသိမ်ထီးကို မိုးဒဏ် လေဒဏ်မှ ကာကွယ်ရန်အတွက် အသုံးပြုကြခြင်းမဟုတ်ပဲ နေအိမ်၊ ဟိုတယ်နှင့် အပန်းဖြေရာဥယျာဉ် ပန်းခြံများတွင် အလှဆင်ကြရန်အတွက် အဓိက အသုံးပြုကြသည်။ မြန်မာပြည်သို့လာရောက် လည်ပတ်ကြသော နိုင်ငံခြားသားများအကြား ပုသိမ်ထီးသည် အလွန်နာမည်ကျော်ကြားသော ဝယ်ယူရန် လက်ဆောင်ပစ္စည်းတစ်ခုလည်း ဖြစ်ပါသည်။

ကိုမင်းနိုင်သည် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့သော နာမည်ကျော် ပုသိမ်ထီးလုပ်ငန်းကို အောင်မြင်စွာ ထိမ်းသိမ်းနိုင်သူဖြစ်သည်။ “ကျနော်က ဒီအလုပ်ထဲမှာပဲ မွေးတာ၊ အဘိုးလက်ထက်ကထဲက စခဲ့တဲ့လုပ်ငန်းကို ကျနော်စွမ်းအားရှိသလောက် ထိမ်းသိမ်းမယ်၊ ကျနော်တို့ မရှိတော့တဲ့ အချိန်တွေမှာလည်း ဒီရိုးရာ လက်မှုလုပ်ငန်းဟာ တည်ရှိနေမှာပဲလို့လည်း မျှော်လင့်ပါတယ်”ဟု ကိုမင်းနိုင်က ပြောသွားပါတယ်။

Ref and Translated : Reader’s Digest | November 2013
Photographer : Brent Lewin

Angel of Mercy

“Humanity is The Biggest Religion”
ဒီစကားကိုပြောခဲ့တဲ့သူက Abdul Sattar Edhi ဆိုတဲ့ ပုဂ္ဂိုလ်ပါ။ သူ့ကို ပါကစ္စတန်ရဲ့ ဂရုဏာနတ်မင်းလို့ ခေါ်ကြတယ်။ ပါကစ္စတန်ရဲ့ ဖာသာထရီဆာလို့လည်း အမြတ်တနိုးနဲ့ ခေါ်ကြပါသေးတယ်။ Reader’s Digest မဂ္ဂဇင်းရဲ့ Asian of the Year 2010 ကဏ္ဍမှာ ရွေးချယ်ခံထားရတဲ့ ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပါ။

လွန်ခဲ့တဲ့နှစ် ပါကစ္စတန်စစ်တပ်က တာလီဘန်တွေကို ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့စဉ်က ထောင်ပေါင်းများစွာသော ဆင်းရဲသား ပြည်သူလူထုတွေ သွေးမြေကျခဲ့ရတယ်။
သူကအဲဒီကို လူသားချင်း စာနာထောက်ထားမှုအရ အကူအညီတွေပေးဖို့ လာခဲ့တာပါ။ အဝတ်အထည်တွေ၊ အစားအသောက်တွေ ကူညီဖို့ပါ။ ပြီးတော့ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေအတွက် ဆေးဝါးကအစ လူနာတင်ယာဉ်အဆုံး ကူညီပေးပါတယ်။

“ဘာသာတရားက ရက်စက်ကြမ်းကြုတ်ဖို့အတွက် သင်မပေးပါဘူးဗျာ။ ဒါတွေက ဘာသာရေးကို ခုတုံးလုပ်ပြီး အမှားတွေကို လုပ်နေကြတာပါပဲ။” .. လို့လည်း သူကပြောပါတယ်။

Edhi ကသူ့ရဲ့ဖောင်ဒေးရှင်းကို ဇနီးဖြစ်သူ Bilquis နဲ့အတူ စီမံခန့်ခွဲပါတယ်။ ပါကစ္စတန်မှာ အကြီးဆုံးသော ပရဟိတလုပ်ငန်းကြီးလည်း ဖြစ်တယ်။ အခြားသော ဆေးရုံများ၊ လူမှုဝန်ထမ်းလုပ်ငန်းများနှင့်လည်း ချိတ်ဆက်ပြီးတော့လည်း လုပ်ကိုင်ပါတယ်။

Edhi ကို 1947 မှာ အရှေ့အိန္ဒိယပြည်နယ် ဂူဂျာရတ်မှာရှိတဲ့ Bantva ဆိုတဲ့ ရွာကလေးမှာ မွေးပါတယ်။ သူက သူ့မျိုးနွယ်တူ မိတ်ဆွေတွေနဲ့ အတူတူ အလုပ်လုပ်ကိုင်ပြီး အထည်အလိပ်လုပ်ငန်းတွေနဲ့ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှတော့ Edhi က စီးပွားရေးလုပ်ငန်းတွေကို စွန့်လွှတ်ပြီး အလှုအတန်းနဲ့ ပရဟိတလုပ်ငန်းတွေကိုပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

ဘာသာရေးအယူသည်းမှုတွေ ပြင်းထန်လွန်းတဲ့ ဒေသမှာလုပ်နေရတဲ့ Edhi အတွက်တော့ အားပေးတာကို မခံစားရတဲ့အပြင် လုံးဝဆန့်ကျင် ကန့်ကွက်မှုတွေကို ခံရပါတယ်။

“ကျနော့်ဖောင်ဒေးရှင်းမှာ လာရောက်အလုပ်လုပ်နေတဲ့ အသက်နှစ်ဆယ်အရွယ် ခရစ်ယာန်အမျိုးသမီးလေးကို ဘယ်ဘာသာကိုးကွယ်သလဲလို့ အမှတ်မထင်မေးလိုက်တော့ သူမက “Humanity” လို့ပြန်ဖြေပါတယ်။ ဟုတ်တာပေါ့ .. Humanity က ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားပဲ။ ”

” အစ္စလမ်ဘာသာမှာ အခြေခံအကျဆုံးအလုပ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်တွေကို လုပ်ဖို့နဲ့ ဆင်းရဲသားတွေကို သနားညှာတာဖို့အတွက်ပဲ သင်ပေးတာပါ။ အခုဖြစ်နေတာက ဘာတွေလဲဗျာ” .. လို့ သူကစိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။ နောက်ပြီးသူက ပြတ်သားစွာနဲ့ ပြောပါသေးတယ်။

“ကျနော်ဒီအလုပ်ကို ဆက်လုပ်မှာပါ။ ဘာကိုမှလည်း ဂရုစိုက်နေမှာမဟုတ်ဘူး။ ဘုရားက ကျနော့်ကို ကူညီပါလိမ့်မယ်။”

Ref : Reader’s Digest (January 2010)

Edhi Foundation ရဲ့ လုပ်ငန်းတွေကို အပြည့်အစုံ လေ့လာချင်ပါက www.edhifoundation.com တွင်လေ့လာနိုင်ပါတယ်။