Boat Noddle, Dpulze-Cyberjaya

Cyberjaya က Dpulze Shopping Center မှာ နာမည်ကြီး ထိုင်း street food ဖြစ်တဲ့ Boat Noddle ဆိုင်ကလေးရှိတယ်။ Shopping Center  ရဲ့ UG Level (Upper Ground) ကစားသောက်ဆိုင်တန်းကြီး ရှိတဲ့ အထဲမှာပါ။

ဘန်ကောက်က ရေပေါ်ဈေးတွေမှာရောင်းတဲ့ Boat Noddle တွေအတိုင်းပဲ တစ်ပွဲကို တစ်လုပ်စာပဲရှိလို့ ပန်းကန်တွေ တစ်ထပ်ကြီးစားမှသာ အဆင်ပြေမယ့်သဘော ရှိပါတယ်။ Boat Noddle ကိုပဲ အမျိုးအစား အများကြီးရောင်းတော့ တစ်ခါထဲကို ခပ်များများ မြည်းစမ်းဖို့လည်း အခွင့်အရေး ရတာပေါ့။ တို့ထိတို့ထိ စားရတာဖြစ်တော့ တစ်ခါစားရင် စားပွဲပေါ်မှာ ပန်းကန်တွေ အများကြီးနဲ့ ပျော်စရာကောင်းတယ်။  ဆိုင်ရဲ့ ဆောင်ပုဒ်လေးကိုက “LITTLE BOWLS OF HAPPINESS” တဲ့။ ဒီဆိုင်ရဲ့ အဓိက အချက်က ထိုင်းအစားအစာတွေကို ထိုင်းနိုင်ငံက အရသာအတိုင်း တစ်ထပ်ထဲ ရနိုင်တာပါ။ ပထမဆုံးဆိုင်ကို မလေးရှားမှာ ၂၀၁၄ ခုနှစ်က စတင်ခဲ့ပြီး လက်ရှိဆိုင်ခွဲပေါင်း ၄၇ဆိုင်ရှိနေပါပြီ။

ဒီဆိုင်မှာ popular အဖြစ်ဆုံးက Ayutthaya ဆိုတဲ့ ခေါက်ဆွဲပါ .. သူကနည်းနည်းပိုစပ်ပြီး ဟင်းရည်က အရောင်ခပ်နီနီနဲ့။ မီနူးမှာ ဆန်ခေါက်ဆွဲ သို့မဟုတ် ဂျုံခေါက်ဆွဲ ကိုလည်း နှစ်သက်သလို ရွေးနိုင်ပါသေးတယ်။ ဒီဆိုင်လည်း မလေးရှားက ဆိုင်အတော်များများအတိုင်း Halal Certified ဖြစ်ပြီး အမဲသားနဲ့ ကြက်သားနှစ်မျိုးသာ ရွေးစရာရှိပြီး Boat noddle တွေကတော့ တစ်ပွဲကို RM2.20 ပါ။ နောက်ဆုံးတစ်ခေါက် ရောက်ခဲ့တုန်းက ရာမာဒန်ဥပုဒ်လလည်းဖြစ်၊ နေ့ခင်းပိုင်းလည်း ဖြစ်တော့ လူရှင်းပါတယ်။ ပုံမှန်ရက်တွေဆို မှာထားတဲ့ ခေါက်ဆွဲတွေရောက်ဖို့ တော်တော်ကြာကြာ စောင့်ရတတ်တယ်။

သူ့ဆိုင်မှာ Boat Noddle အပြင် တခြားထိုင်းအစားအစာတွေလည်း ရပါသေးတယ်။ အကြိုက်ဆုံးတွေက Kra-Pow Chicken Rice (ကျနော်တို့ဘက်က ဖက်ကဖောင်ထမင်းလို့ ခေါ်တယ်) နဲ့ Chicken meat ball (ကြက်သားလုံး တုတ်ထိုးပြီး ကြော်ထားတာကို အချဉ်ရည်နဲ့ တို့စားရတာ)။

စားပြီးရင် သောက်စရာက Thai milk tea နဲ့ Fresh coconut (အုန်းသီးစိမ်း) ကတော့ အကောင်းဆုံးလို့ ထင်တာပါပဲ။ ထိုင်းစာကိုကြိုက်ပြီး Putrajaya / Cyberjaya ဘက်ကိုရောက်ခဲ့ရင်တော့ သွားကိုသွားသင့်တဲ့ (Must Do) စားသောက်ဆိုင်ကလေးဖြစ်ကြောင်း လက်ဆင့်ကမ်းပါတယ်။

KLIA Express

မလေးရှားကို ရောက်ပြီးကထဲက ဘယ်သွားသွား Grab ကိုပဲအားကိုးပြီး သွားဖြစ်နေတော့ မလေးရှားရဲ့ Public Transport ကိုတော့ အတွေ့အကြုံ မရှိသလောက် စိမ်းပါတယ် .. ပြောရရင် စင်္ကာပူလောက် လွယ်လွယ်ကူကူ မရှိတော့ အလွယ်လိုက်ပြီး Grab ပဲစီးဖြစ်နေတော့တာ။ ပြီးခဲ့တဲ့ အပတ်က BTS (Terminal Bersepadu Selatan) ကားဂိတ်မှာ အမျိုးသမီးကို သွားကြိုဖို့ရှိလို့ အချိန်လည်းရတာနဲ့ KLIA Express ကိုစီးကြည့်ဖို့ စိတ်ကူးရတယ်။ လမ်းစရိတ်အနေနဲ့ တွက်ရင်တော့ သိပ်မထူးခြားပဲ နည်းနည်းတောင် အလုပ်ရှုပ်ပါသေးတယ်။ ကျနော်နေတဲ့ Cyberjaya ကနေ Putrajaya Sentral ကို Grab စီးရမယ် .. ပြီးရင် KLIA Express အတွက်လက်မှတ်ကို ဝယ်ရဦးမယ်။ အဲဒီတော့ BTS ကိုတိုက်ရိုက် Grab ငှားလိုက်တာက အချိန်ကုန်သက်သာပြီး စရိတ်က အတူတူလောက်ပါပဲ။

KLIA Express က ခရီးစဉ် အစအဆုံး ၂၈မိနစ်ကြာပြီး ကွာလာလမ်ပူမြို့လယ် (KL Sentral) ကနေ အပြည်ပြည်ဆိုင်ရာလေဆိပ် နှစ်ခုဖြစ်တဲ့ KLIA နှင့် KLIA2 တို့ကိုသွားတဲ့ လျှပ်စစ်အမြန်ရထားပါ။ အန်မတန်ဆိုးတဲ့ ကွာလာလမ်ပူရဲ့  Traffic ကိုရှောင်ဖို့အတွက်တော့ ကောင်းပါတယ် .. သို့ပေမယ့် စျေးများပါတယ်။ သူကခရီးစဉ် အစအဆုံး (လေဆိပ်ကနေမြို့ထဲ) စီးရင် တစ်ယောက်ကို RM55 ပါ။ ဒါကြောင့် နှစ်ယောက် သို့မဟုတ် သုံးယောက်ဆိုရင်တော့ တက္ကစီ ဒါမှမဟုတ် Grab စီးတာက တစ်နာရီဝန်းကျင်လောက် အချိန်ပေးရပေမယ့် ပိုသက်သာပြီး အိမ်သို့မဟုတ် ဟိုတယ်အရှေ့ထိ ရောက်ပါတယ်။

Putrajaya Sentral ကကြားဘူတာဖြစ်ပြီး ​ခြောက်ကပ်ပြီး လူသိပ်မရှိပါဘူး။ လက်မှတ်ကို အရောင်းကောင်တာမှာ ဝယ်လို့ရသလို လက်မှတ်ရောင်းတဲ့ စက်မှာလည်း ဝယ်လို့ရတယ်။ ကျနော်ကတော့ စက်မှာ ခရက်ဒစ်ကဒ်နဲ့ ပေးဝယ်တော့ 10% discount ရတဲ့အတွက် Putrajaya ကနေ BTS ကို RM7.10 ကျပါတယ်။

ဘူတာမှာလည်း လူတွေသိပ်မများပါ .. ရထားက ၁၅မိနစ်တစ်စီး ထွက်နေတာဆိုတော့ အကြာကြီးတော့ စောင့်စရာမလိုဘူးပေါ့။

ရထားက လေဆိပ်ဘက်ကထွက်လာတယ် ဆိုပေမယ့် လူလည်းသိပ်ပြီး ဟုတ်တိပတ်တိ ပါလာတာမတွေ့ရပါ။ အဓိက ကတော့ စျေးများတဲ့အတွက် နိုင်ငံခြားသားနဲ့ တိုးရစ်တွေပဲ စီးကြတာပါ။ ရထားက သန့်ပြန့်ပြီး အဆင့်မြင့်ပါတယ်။ Putrajaya ကနေ BTS ကို ၁၀မိနစ်လောက်ပဲ ကြာတယ်။

 

 

Fiber Internet in Cyberjaya

အလုပ်နဲ့နီးတဲ့ နေရာကိုပြောင်းလာပြီးတဲ့နောက် အရင်တုန်းက ဟိုတယ်မှာနေသလို သက်တောင့်သက်သာ မရှိတော့ပဲ အရာရာကို ကိုယ့်ဟာကိုယ်ပဲ စီမံရတော့တယ်။ ရုံးနဲ့ ၅မိနစ်လမ်းလျှောက်ရုံနဲ့ ရောက်နိုင်တဲ့ CYBERJAYA က Kanvas Soho ကွန်ဒိုမှာ စတူဒီယိုအခန်းလေးကို တစ်နှစ်စာချုပ်နဲ့ ငှားနေဖြစ်တယ်။ အဓိကအရင်ဆုံးလိုအပ်တာက အင်တာနက်ပါ။ ဒီမှာက ရွေးချယ်စရာ ISP တော်တော်များများတော့ ရှိတယ်။ ဖိုရမ်တွေမှာ လိုက်ရှာတာရော၊ လုပ်ဖော်ကိုင်ဖက်တွေကထောက်ခံတာရော အားလုံးက TIME ဖိုင်ဘာ အင်တာနက်ကို တပ်ဖို့ပါပဲ။ TIME က Cyberjaya တဝိုက်မှာတော့ တော်တော်လေးကောင်းတယ်လို့ နာမည်ကောင်းရထားပါတယ်။

အရင်ဆုံး ကိုယ်နေမယ့် ကွန်ဒိုက သူ့ရဲ့  Available List ထဲမှာ ပါမပါ အရင်ကြည့်ရပါတယ်။ အဲဒီနောက် အွန်လိုင်းကနေပဲ Register လုပ်လိုက်ပါတယ်။ နိုင်ငံခြားသား ဖြစ်တဲ့အတွက် RM300 Deposit ပေးရတယ် .. 100mbps ပလန်ကို ယူတဲ့အတွက် တစ်လကို လစဉ်ကြေး RM99 ကျမှာပါ။ အွန်လိုင်းမှာ Appointment လုပ်ပြီး အင်စတောလေးရှင်း လာလုပ်နိုင်မယ့် ရက်နဲ့အချိန်ကို ရွေးပေးရပါတယ်။ အင်စတောလေးရှင်းကလည်း ရုံးချိန်အတွင်းပဲ လုပ်ပေးတာဆိုတဲ့အတွက် အနီးဆုံး သောကြာနေ့ ညနေပိုင်းကိုပဲ ရုံးက ခွင့်နေ့တဝက်ယူပြီး ချိန်းလိုက်ရတယ်။

ချိန်းထားတဲ့ နေ့ကျတော့ TIME က Technician တစ်ယောက်ရောက်လာပြီး Wifi Router နဲ့ အိမ်ဖုန်းကို လာဆင်ပေးပါတယ်။ Router က TP-Link AC1750 Dual Band ဆိုတော့ အိမ်ထဲဘယ်နေရာကမဆို ကော်နတ်ရှင် ကောင်းကောင်းရတယ်။

Speed Test လုပ်ကြည့်တဲ့ ရလဒ်ကတော့ Router နဲ့အဝေးဆုံးနေရာကတောင် လိုင်းအပြည့် 100mbps ဝန်းကျင်လောက်ရတော့ မဆိုးဘူးလို့​ပြောရမယ်။ နောက်ပိုင်းကတော့ စောင့်ကြည့်ရဉီးမှာပေါ့။

MH743 Business Class

MH743 က မလေးရှားအဲလိုင်းရဲ့ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်ပါ။ မလေးရှားအဲလိုင်းမှာ MH Upgrade ဆိုတဲ့ အစီအစဉ်တစ်ခုကိုတော့ သဘောကျတယ်။ သူက လက်မှတ်ဝယ်ထားပြီးလို့ ခရီးသွားမယ့်ရက် နီးလာရင် သူ့မှာရှိတဲ့ Business Class ခုံတွေလွတ်တဲ့အပေါ် မူတည်ပြီး Economy ကနေ Business Class ကို Upgrade လုပ်မလားဆိုပြီး offer တောင်းတဲ့ notification ပေးပါတယ်။ သူတို့သတ်မှတ်ထားတဲ့ အနိမ့်ဆုံး rate ကနေစပြီး အဆင်ပြေရာကို offer ပေးလိုက်နိုင်တယ် .. ပြီးရင် approval ကိုစောင့်ပါ။ များသောအားဖြင့် ကိုယ်က rate အနည်းဆုံးကို offer ပေးလိုက်ပေမယ့် သူတို့ဆီမှာ Business Class ခုံတွေလွတ်နေတာများရင် ရနိုင်ပါတယ်။ ဆိုတော့ .. အများကြီးထပ်မပေးရပဲ Business Class ကိုစီးလို့ရမယ့် အခွင့်အရေးပါ။

Business Class က check in baggage အတွက် ကီလို၄၀ ရမယ်၊ ချက်ကင်ဝင်တဲ့အခါ သီးသန့်နေရာကနေ စောင့်စရာမလိုပဲ ဝင်လို့ရမယ် (မလေးရှားအဲလိုင်းမှာ များသောအားဖြင့် ချက်ကင်ဝင်ဖို့ လူအများကြီး တန်းစီပြီး အကြာကြီး စောင့်ရတတ်တယ် .. သူကဗီဇာလည်းလိုတဲ့ နိုင်ငံဖြစ်တော့ စစ်တာဆေးတာနဲ့ ကြာတာလည်း ဖြစ်နိုင်တယ်။)၊ ရန်ကုန်လေဆိပ်က Lounge တွေမှာ လေယာဉ်ပေါ်မတက်ခင် အနားယူ စားသောက်လို့ရမယ်။ ကျနော်ကတော့ ထွက်မယ့်ဂိတ်အမှတ်(၉)နဲ့နီးတဲ့ Mingalar Sky Lounge ကိုပဲရွေးဖြစ်တယ်။

Boeing 737-800 အမျိုးအစားဆိုတော့ လေယာဉ်က သေးပါတယ် .. ကြာချိန်ကလည်း ၂နာရီကျော်ဆိုတော့ သူ့ရဲ့ Business Class ဝန်ဆောင်မှုကိုတော့ အများကြီး မျှော်လင့်ထားလို့တော့ မရပါဘူး။ Welcome drink အဖြင့် လေယာဉ်မယ် တစ်ယောက်လိုက်ဝေတဲ့ အထဲမှာ orange Juice နဲ့ red guava juice ပဲပါတာတွေ့တယ်။ ဝိုင် သို့မဟုတ် ရှန်ပိန်လိုချင်ရင်တော့ တောင်းသောက်ရပါလိမ့်မယ်။  မွတ်စလင်နိုင်ငံပိုင် အဲလိုင်း ဖြစ်လို့လားတော့ မသိပါဘူး တခြာအဲလိုင်းတွေလို Alcohol နဲ့ ပတ်သက်ပြီး သိပ်ပြီး ဟက်ပီးမဖြစ်သလိုပါပဲ။

စားစရာမီနူးထဲမှာလဲ ရွေးစရာ main courses က ၃မျိုးပဲပါတယ် .. ကိုယ်က အမဲသားလည်း မစားပြန်တော့ နှစ်ခုထဲက တစ်ခုကိုပဲ ရွေးရတယ်။ Alcohol တွေကိုတော့ မီနူးထဲမှာတောင် ထည့်မထားပေးပါဘူး။ Request လုပ်ရင်တော့ ပေးပါတယ်။

MH743_business

အစားအသောက်တွေကတော့ သိပ်အကောင်းကြီး မဟုတ်ပေမယ့် အဆင်ပြေပါတယ်။ restaurant dining ပုံစံမျိုး မဟုတ်ပဲ ဒီအတိုင်း Tray နဲ့ပဲ ကျွေးတာပါ။ ထိုင်ခုံတွေလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ သက်တောင့်သက်သာ ရှိပါတယ်။ ရုပ်ရှင်ကြည့်ချင် ကြည့်လို့ရအောင်လို့ လာပေးထားတဲ့ Noise cancelling head phone ကတော့ တော်တော်လေး ကောင်းတယ်။ လေယာဉ်က အချိန်မှန်ပါပဲ KLIA လေဆိပ်ကို ည၈နာရီခွဲမှာ ရောက်ပါတယ်။

KLIA လေဆိပ်မှာလည်း ထုံးစံအတိုင်း အင်မီဂရေးရှင်းကို ဝင်ဖို့ လူတွေကျပ်ခဲပြီးတန်းစီနေကြတာပဲ။ Business / First Class ခရီးသည်တွေအတွက် သီးသန့်လိုင်းလေးမှာတော့ လူရှင်းပါတယ်။ ၁၀မိနစ်ထဲနဲ့ အပြင်ကိုရောက်တော့ အိတ်တွေက ရောက်နှင့်နေပြီ။