Restoran Nyonya Suan, Melaka

ပြီးခဲ့တဲ့ Weekend က မလက္ကာ (Melaka) ကိုတစ်ညအိပ်ခရီးတိုလေးရောက်ဖြစ်တယ်။ မလက္ကာက မလေးရှားရဲ့ အကျော်ကြားဆုံး Tourist attraction တစ်ခုလည်းဖြစ်တာကြောင့် အမြဲတမ်းကို ခရီးသွားတွေနဲ့ စည်စည်ကားကား ရှိတတ်ပါတယ်။ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့တစ်မြို့ဖြစ်ပြီး ၁၅ရာစုခေတ် ဒတ်ခ်ျတွေရဲ့ ရှေးဟောင်းလက်ရာတွေကြောင့်လည်း ထင်ရှားတယ်။

မလက္ကာနဲ့အတူ တွဲပြီးသိကြရမှာက ပါရာနကန် (Peranakans) ယဉ်ကျေးမှုဖြစ်ပါတယ်။ ပါရာနကန်လူမျိုးတွေဆိုတာ ၁၅ရာစုကနေ ၁၇ရာစုဝန်းကျင်အတွင်းမှာ တရုတ်ပြည်ကနေ မလေးပင်နီဆူးလား ဒေသဘက်ကို ရောက်ရှိအခြေချခဲ့ကြတဲ့ တရုတ်လူမျိုး ကုန်သည်အလုပ် လုပ်ကိုင်သူတွေ ဖြစ်ကြပါတယ်။ မလက္ကာနှင့် ပီနန်းဆိပ်ကမ်းမြို့တွေမှာ အဓိကနေထိုင်ခဲ့ကြပြီး အင်မတန်လည်း ချမ်းသာကြွယ်ဝကာ အထက်တန်းကျကျ နေထိုင်သွားကြသူတွေပါ။ သူတို့မှာ မလေးဘာသာစကား ဘဟာဆား (Bahasa) နဲ့ ကန်တုံ (Cantonese) တရုတ်ဘာသာစကားတို့ ပေါင်းစပ်ထားတဲ့ ကိုယ်ပိုင်ဘာသာစကား ရှိပါတယ်။ ပါရာနကန် အမျိုးသားတွေကို ဘာဘာ (Baba) လို့ခေါ်ပြီး၊ အမျိုးသမီးတွေကို ညွန်ည (Nyonya) လို့ခေါ်ကြပါတယ်။ ညွန်ညအမျိုးသမီးတွေက မီးဖိုချောင်ကို နိုင်နင်းပြီး ဟင်းချက်အလွန်ကောင်းတယ်လို့ နာမည်ကျော်ပါတယ်။ မလေးရှားနှင့်အင်ဒိုနီးရှားစတိုင်ဘက်ကို နွယ်တဲ့ တရုတ်ဟင်းလျှာတွေက တမူထူးခြားပြီး မလက္ကာနဲ့ ပီနန်းမြို့တွေမှာ ညွန်ည စားသောက်ဆိုင်တွေ အတော်များများတွေ့နိုင်ပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်ဝန်းကျင်က မလက္ကာကိုရောက်ခဲ့ဖူးတယ် .. အဲဒီတုန်းက နေလည်စာ စားဖူးခဲ့တဲ့ ညွန်ညဆိုင်ကလေးတစ်ဆိုင်ကို သတိတရနဲ့ ဒီအခေါက်ရောက်တုန်းမှာ ပြန်ရှာပြီး စားဖြစ်တယ်။ သိပ်တော့လည်း ခက်ခက်ခဲခဲ မရှာလိုက်ရပါဘူး .. Google Maps မှာရှာလိုက်တာနဲ့ ချက်ချင်းတန်းတွေ့ပါတယ်။ နာမည်က Restoran Nyonya Suan ပါ .. မလက္ကာမြို့ရဲ့ အဓိကလမ်းမကြီး (Jalan Merdek​a) ပေါ်မှာရှိပြီး၊ မာဒေးကားပလာဇာ (Plaza Merdeka) ရဲ့မြေညီထပ် လမ်းမဘေးတင်ပါ။ မျက်နှာချင်းဆိုင်မှာ ရှော့ပင်းမောကြီး (Dataran Pahlawan Melaka Megamall) ရှိတယ်။

ဆိုင်ရဲ့အပြင်အဆင်ကို ရှေးခေတ် ပါရာနကန် နေထိုင်မှုပုံစံ ရှေးဟောင်းပစ္စည်းတွေနဲ့ အလှဆင်ထားသလို စားပွဲထိုးဝန်ထမ်းတွေကလည်း အင်မတန် ဖော်ရွေပါတယ်။ ဈေးနှုန်းတွေကလည်း သိပ်မများပဲ အဆင်ပြေပါတယ် .. တစ်ခုရှိတာက ဟင်းပွဲတွေက နည်းနည်းကြီးတာကြောင့် လူ၄ယောက် ၅ယောက်လောက်စားမှသာ ဟင်းပွဲတွေကို စုံစုံလင်လင် မှာနိုင်မှာပါ။

အရင်ဆုံးမှာဖြစ်တာက Tahu Nyonya ဆိုတဲ့ ပဲပြားဟင်းလေးပါ။ ပဲပြားကိုကြော်ထားပြီး ပဲပိစပ်ဆော့စ်နဲ့ ပြန်ချက်ထားပုံပါပဲ။ အရင်တစ်ခေါက်က စားထားဖူးပြီး အရမ်းကောင်းတာကို ကြိုသိနေတယ်။ အဓိကကတော့ ပဲပြားကိုဆမ်းထားတဲ့ ဆော့စ်ပါပဲ .. ဆိုင်ရဲ့ နာမည်အကြီးဆုံး ဟင်းပွဲတွေထဲကတစ်ခု ဖြစ်ပါတယ်။

Tahu Nyonya (ညွန်ညတိုဖူးဟင်း)

နောက်တစ်ခုက ကန်စွန်းရွက်ကြော်၊ ကျနော်တို့ကတော့ အရသာလေးလေး ခပ်စပ်စပ်လေး စားချင်တော့ Kangkung Cili Belacan ဆိုတာမှာလိုက်တယ်။ Belacan ဆိုတာက မလေးရှားမှာ အသုံးများတဲ့ ပုစွန်ငါးပိတစ်မျိုးဖြစ်ပြီး ကွန်စွန်းရွက်နဲ့ ရောကြော်ထားတော့ အရသာတကယ်ကို ကောင်းပါတယ်။ ငါးပိမကြိုက်၊ အစပ်မစားရင်တော့ ရိုးရိုး ကန်စွန်းရွက်ကြော်လည်းရတယ် .. သူလည်းမဆိုးဘူး။

Kangkung Cili Belacan (ငပိကန်စွန်းရွက်ကြော်)

ညွန်ညအစားအစာတွေထဲမှာ ငါးဟင်းကလည်း နာမည်ကြီးပါတယ် .. ကျနော်တို့မှာလိုက်တဲ့ငါးဟင်းက ညွန်ညစတိုင် အုန်းနို့နဲ့ချက်ထားတဲ့ ဟင်းပါ။ ငါးကိုအပြင်မှာသက်သက်ရေနွေးငွေ့နဲ့ ပေါင်းပြီး ဟင်းအနှစ်ထဲကို စိမ်ထားပုံရတယ်။ အရမ်းကိုနူးညံ့ပြီး အရသာရှိတဲ့ငါးပါ .. ဘာငါးလဲတော့ သေချာမသိလိုက်ဘူး။

Nyonya စတိုင် ငါးအုန်းနို့ချက်

နောက်ဆုံး အချိုပွဲကတော့ Nyonya Cendol ပါ .. ရေခဲခြစ်ကို အုန်းနို့ဆမ်းပြီး မုန့်လက်ဆောင်းဖတ်လေးတွေရယ် ပဲစေ့လေးတွေ ထည့်ထားတယ်။ အပေါ်က ဆမ်းထားတဲ့ အညိုရောင်အရည်က Gula Melaka လို့ခေါ်ပါတယ် .. Gula ဆိုတာက မလေးဘာသာစကားနဲ့ “သကြား” ပါ .. ဒီတော့ “မလက္ကာသကြား” ပေါ့။

Nyonya Cendol

မလက္ကာရဲ့ နာမည်ကျော် လက်ဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ Gula Melaka ဆိုတာက တကယ်တော့ ထန်းပင်ကနေရတဲ့ ထန်းလျှက်ပါပဲ .. မြန်မာပြည်က ထန်းလျှက်တွေထက် အချိုပေါ့ပြီး အရသာက နည်းနည်းခါးသက်သက်ကလေး နဲ့ အနံကလည်း မီးခိုးနံ့ ခပ်သင်းသင်းလေးရတယ်။ ညွန်ညတွေဟင်းချက်တဲ့အခါ အချိုမှုန့်မသုံးကြပဲ Gula Melaka ကိုပဲ အနည်းငယ်ထည့်သုံးကြတယ် .. တခြားမုန့်ပဲသရေစာတွေမှာလည်း သကြားအစားထိုးသုံးကြပါတယ်။

Gula Melaka

မလက္ကာမှာ ညွန်ညဆိုင်အတော်များများရှိတဲ့အထဲက ဒီဆိုင်လေးကို သဘောကျရတာက အဓိက ဈေးသင့်တယ်၊ အရသာရှိတယ် .. နောက်ပြီးမြို့လယ်ခေါင် အချက်အခြာကျတဲ့ နေရာမှာရှိတာကြောင့်ရယ်ပါ။

Restoran Nyonya Suan

Jalan Merdeka, Taman Costa Mahkota,

75000 Melaka, Malaysia

http://www.nyonyasuan.com

 

TAPAK in Cyberjaya

ငှားနေတဲ့ ကွန်ဒိုဘေးက အစိုးရပိုင် Cyberjaya Park & Ride အခမဲ့ကားပါကင်နေရာမှာ မလေးရှားရဲ့ နာမည်ကြီး Food Truck Park ဖြစ်တဲ့ TAPAK မနေ့တုန်းက စပြီးလာဖွင့်ပါတယ်။ စစဖွင့်ချင်းမှာတော့ Food Truck အစီး၂၀ကျော်လောက် လာရောင်းတာတွေ့တယ်။ ကွာလာလမ်ပူမြို့ထဲ Petronas Twin Towers နားမှာရှိတဲ့ TAPAK Food Truck Park ကိုတော့ ၂ခေါက်လောက်ရောက်ဖူးပါတယ် .. အဲဒီနေရာကတော့ အချက်အခြာလည်းကျပြီး တိုးရစ်တွေလည်းများတော့ တော်တော်စည်ကားတယ် .. Food Truck အစီး၄၀နီးပါးလောက်တော့ ရှိမယ်ထင်ပါတယ်။

TAPAK ရဲ့အိုင်ဒီယာကို လူငယ်၃ယောက်က စပြီးစဉ်းစားမိကာ အကောင်အထည်ဖော်ခဲ့ကြပြီး အခုဆိုအတော်လေး အောင်မြင်နေပါပြီ။ မလေးရှားရဲ့ ပထမဆုံးသော Food Truck Park ဖြစ်ပြီးတော့ လူသိအများဆုံးလည်းဖြစ်တယ်။ Tapak Suvarnabumi Sdn Bhd ကုမ္ပဏီက ရောင်းချင်တဲ့ Food Truck တွေကိုစုစည်းပြီး Operate လုပ်နေတာပါ။ TAPAK ရဲ့  Food Truck Park မှာရောင်းခွင့်ရဖို့အတွက် အရသာနဲ့ အရည်အသွေးကို စစ်ဆေးခံရမှာဖြစ်ပြီး အဲဒီအဆင့်ကို အောင်မြင်မှသာ ရောင်းချခွင့်ရတယ်လို့ ဆိုပါတယ်။

မလေးရှား Local Food တွေကိုပဲအဓိကထားရောင်းကြပြီး အခြား Thai Food, Western Food တွေလည်းရှိပါတယ်။ ဈေးကတော့ အပြင်စားသောက်ဆိုင်တွေနဲ့ သိပ်မကွာ၊ သိပ်မသက်သာလှပေမယ့် Truck ကားတွေအများကြီးနဲ့ တနေရာထဲမှာ ရွေးချယ်စရာများတဲ့အတွက် အဆင်ပြေပါတယ်။ Take away ဝယ်ပြီးအိမ်ရောက်မှ စားလို့ရသလို အလယ်ကကွင်းပြင်မှာခင်းထားပေးတဲ့ စားပွဲခုံတွေမှာလည်း Picnic ပုံစံ ထိုင်စားလို့ရပါတယ်။

အိမ်နားလေးတင် လာဖွင့်တာဆိုတော့ တစ်နေ့တစ်နေ့ ဘယ်သွားပြီး ဘာစားရမလဲဆိုတာကို စဉ်းစားရတဲ့ ဒုက္ခတော့ နည်းနည်းသက်သာသွားမယ်။ ဘယ်အချိန်အထိ ခံမလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ .. Cyberjaya ကနဂိုကတည်းက ခြောက်ကပ်ကပ်ရယ် …

Boat Noddle, Dpulze-Cyberjaya

Cyberjaya က Dpulze Shopping Center မှာ နာမည်ကြီး ထိုင်း street food ဖြစ်တဲ့ Boat Noddle ဆိုင်ကလေးရှိတယ်။ Shopping Center  ရဲ့ UG Level (Upper Ground) ကစားသောက်ဆိုင်တန်းကြီး ရှိတဲ့ အထဲမှာပါ။

ဘန်ကောက်က ရေပေါ်ဈေးတွေမှာရောင်းတဲ့ Boat Noddle တွေအတိုင်းပဲ တစ်ပွဲကို တစ်လုပ်စာပဲရှိလို့ ပန်းကန်တွေ တစ်ထပ်ကြီးစားမှသာ အဆင်ပြေမယ့်သဘော ရှိပါတယ်။ Boat Noddle ကိုပဲ အမျိုးအစား အများကြီးရောင်းတော့ တစ်ခါထဲကို ခပ်များများ မြည်းစမ်းဖို့လည်း အခွင့်အရေး ရတာပေါ့။ တို့ထိတို့ထိ စားရတာဖြစ်တော့ တစ်ခါစားရင် စားပွဲပေါ်မှာ ပန်းကန်တွေ အများကြီးနဲ့ ပျော်စရာကောင်းတယ်။  ဆိုင်ရဲ့ ဆောင်ပုဒ်လေးကိုက “LITTLE BOWLS OF HAPPINESS” တဲ့။ ဒီဆိုင်ရဲ့ အဓိက အချက်က ထိုင်းအစားအစာတွေကို ထိုင်းနိုင်ငံက အရသာအတိုင်း တစ်ထပ်ထဲ ရနိုင်တာပါ။ ပထမဆုံးဆိုင်ကို မလေးရှားမှာ ၂၀၁၄ ခုနှစ်က စတင်ခဲ့ပြီး လက်ရှိဆိုင်ခွဲပေါင်း ၄၇ဆိုင်ရှိနေပါပြီ။

ဒီဆိုင်မှာ popular အဖြစ်ဆုံးက Ayutthaya ဆိုတဲ့ ခေါက်ဆွဲပါ .. သူကနည်းနည်းပိုစပ်ပြီး ဟင်းရည်က အရောင်ခပ်နီနီနဲ့။ မီနူးမှာ ဆန်ခေါက်ဆွဲ သို့မဟုတ် ဂျုံခေါက်ဆွဲ ကိုလည်း နှစ်သက်သလို ရွေးနိုင်ပါသေးတယ်။ ဒီဆိုင်လည်း မလေးရှားက ဆိုင်အတော်များများအတိုင်း Halal Certified ဖြစ်ပြီး အမဲသားနဲ့ ကြက်သားနှစ်မျိုးသာ ရွေးစရာရှိပြီး Boat noddle တွေကတော့ တစ်ပွဲကို RM2.20 ပါ။ နောက်ဆုံးတစ်ခေါက် ရောက်ခဲ့တုန်းက ရာမာဒန်ဥပုဒ်လလည်းဖြစ်၊ နေ့ခင်းပိုင်းလည်း ဖြစ်တော့ လူရှင်းပါတယ်။ ပုံမှန်ရက်တွေဆို မှာထားတဲ့ ခေါက်ဆွဲတွေရောက်ဖို့ တော်တော်ကြာကြာ စောင့်ရတတ်တယ်။

သူ့ဆိုင်မှာ Boat Noddle အပြင် တခြားထိုင်းအစားအစာတွေလည်း ရပါသေးတယ်။ အကြိုက်ဆုံးတွေက Kra-Pow Chicken Rice (ကျနော်တို့ဘက်က ဖက်ကဖောင်ထမင်းလို့ ခေါ်တယ်) နဲ့ Chicken meat ball (ကြက်သားလုံး တုတ်ထိုးပြီး ကြော်ထားတာကို အချဉ်ရည်နဲ့ တို့စားရတာ)။

စားပြီးရင် သောက်စရာက Thai milk tea နဲ့ Fresh coconut (အုန်းသီးစိမ်း) ကတော့ အကောင်းဆုံးလို့ ထင်တာပါပဲ။ ထိုင်းစာကိုကြိုက်ပြီး Putrajaya / Cyberjaya ဘက်ကိုရောက်ခဲ့ရင်တော့ သွားကိုသွားသင့်တဲ့ (Must Do) စားသောက်ဆိုင်ကလေးဖြစ်ကြောင်း လက်ဆင့်ကမ်းပါတယ်။

MH743 Business Class

MH743 က မလေးရှားအဲလိုင်းရဲ့ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်ပါ။ မလေးရှားအဲလိုင်းမှာ MH Upgrade ဆိုတဲ့ အစီအစဉ်တစ်ခုကိုတော့ သဘောကျတယ်။ သူက လက်မှတ်ဝယ်ထားပြီးလို့ ခရီးသွားမယ့်ရက် နီးလာရင် သူ့မှာရှိတဲ့ Business Class ခုံတွေလွတ်တဲ့အပေါ် မူတည်ပြီး Economy ကနေ Business Class ကို Upgrade လုပ်မလားဆိုပြီး offer တောင်းတဲ့ notification ပေးပါတယ်။ သူတို့သတ်မှတ်ထားတဲ့ အနိမ့်ဆုံး rate ကနေစပြီး အဆင်ပြေရာကို offer ပေးလိုက်နိုင်တယ် .. ပြီးရင် approval ကိုစောင့်ပါ။ များသောအားဖြင့် ကိုယ်က rate အနည်းဆုံးကို offer ပေးလိုက်ပေမယ့် သူတို့ဆီမှာ Business Class ခုံတွေလွတ်နေတာများရင် ရနိုင်ပါတယ်။ ဆိုတော့ .. အများကြီးထပ်မပေးရပဲ Business Class ကိုစီးလို့ရမယ့် အခွင့်အရေးပါ။

Business Class က check in baggage အတွက် ကီလို၄၀ ရမယ်၊ ချက်ကင်ဝင်တဲ့အခါ သီးသန့်နေရာကနေ စောင့်စရာမလိုပဲ ဝင်လို့ရမယ် (မလေးရှားအဲလိုင်းမှာ များသောအားဖြင့် ချက်ကင်ဝင်ဖို့ လူအများကြီး တန်းစီပြီး အကြာကြီး စောင့်ရတတ်တယ် .. သူကဗီဇာလည်းလိုတဲ့ နိုင်ငံဖြစ်တော့ စစ်တာဆေးတာနဲ့ ကြာတာလည်း ဖြစ်နိုင်တယ်။)၊ ရန်ကုန်လေဆိပ်က Lounge တွေမှာ လေယာဉ်ပေါ်မတက်ခင် အနားယူ စားသောက်လို့ရမယ်။ ကျနော်ကတော့ ထွက်မယ့်ဂိတ်အမှတ်(၉)နဲ့နီးတဲ့ Mingalar Sky Lounge ကိုပဲရွေးဖြစ်တယ်။

Boeing 737-800 အမျိုးအစားဆိုတော့ လေယာဉ်က သေးပါတယ် .. ကြာချိန်ကလည်း ၂နာရီကျော်ဆိုတော့ သူ့ရဲ့ Business Class ဝန်ဆောင်မှုကိုတော့ အများကြီး မျှော်လင့်ထားလို့တော့ မရပါဘူး။ Welcome drink အဖြင့် လေယာဉ်မယ် တစ်ယောက်လိုက်ဝေတဲ့ အထဲမှာ orange Juice နဲ့ red guava juice ပဲပါတာတွေ့တယ်။ ဝိုင် သို့မဟုတ် ရှန်ပိန်လိုချင်ရင်တော့ တောင်းသောက်ရပါလိမ့်မယ်။  မွတ်စလင်နိုင်ငံပိုင် အဲလိုင်း ဖြစ်လို့လားတော့ မသိပါဘူး တခြာအဲလိုင်းတွေလို Alcohol နဲ့ ပတ်သက်ပြီး သိပ်ပြီး ဟက်ပီးမဖြစ်သလိုပါပဲ။

စားစရာမီနူးထဲမှာလဲ ရွေးစရာ main courses က ၃မျိုးပဲပါတယ် .. ကိုယ်က အမဲသားလည်း မစားပြန်တော့ နှစ်ခုထဲက တစ်ခုကိုပဲ ရွေးရတယ်။ Alcohol တွေကိုတော့ မီနူးထဲမှာတောင် ထည့်မထားပေးပါဘူး။ Request လုပ်ရင်တော့ ပေးပါတယ်။

MH743_business

အစားအသောက်တွေကတော့ သိပ်အကောင်းကြီး မဟုတ်ပေမယ့် အဆင်ပြေပါတယ်။ restaurant dining ပုံစံမျိုး မဟုတ်ပဲ ဒီအတိုင်း Tray နဲ့ပဲ ကျွေးတာပါ။ ထိုင်ခုံတွေလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ သက်တောင့်သက်သာ ရှိပါတယ်။ ရုပ်ရှင်ကြည့်ချင် ကြည့်လို့ရအောင်လို့ လာပေးထားတဲ့ Noise cancelling head phone ကတော့ တော်တော်လေး ကောင်းတယ်။ လေယာဉ်က အချိန်မှန်ပါပဲ KLIA လေဆိပ်ကို ည၈နာရီခွဲမှာ ရောက်ပါတယ်။

KLIA လေဆိပ်မှာလည်း ထုံးစံအတိုင်း အင်မီဂရေးရှင်းကို ဝင်ဖို့ လူတွေကျပ်ခဲပြီးတန်းစီနေကြတာပဲ။ Business / First Class ခရီးသည်တွေအတွက် သီးသန့်လိုင်းလေးမှာတော့ လူရှင်းပါတယ်။ ၁၀မိနစ်ထဲနဲ့ အပြင်ကိုရောက်တော့ အိတ်တွေက ရောက်နှင့်နေပြီ။

Mingalar Sky Lounge, Yangon

ပြီးခဲ့တဲ့တခေါက် ကွာလာလမ်ပူကို ပြန်တုန်းက မလေးရှားအဲလိုင်းကို Business Class ဝယ်ဖြစ်လို့ ရန်ကုန်လေဆိပ်မှာ Mingalar Sky Lounge ကိုရောက်ခဲ့တယ်။ Business Class ခရီးသည်တွေအတွက် အသုံးပြုလို့ရတဲ့  Lounge က ရန်ကုန်လေဆိပ်မှာ ၂ခုရှိပါတယ်။ ကြိုက်ရာတစ်ခုကို ဝင်နားခွင့်ရပါတယ်။ ကျနော်ကတော့ သွားရမယ့်ဂိတ်နဲ့ နီးတဲ့ Mingalar Sky Lounge ကိုပဲရွေးဖြစ်လိုက်တယ်။

လူတော်တော်ရှင်းပါတယ် .. အဲဒီအချိန် ကျနော်အပါအဝင်မှ Lounge ထဲမှာ ခရီးသည် ၃ယောက်ထဲ ရှိတာတွေ့ရတယ်။ စားစရာတွေကတော့ သိပ်အစုံအလင် အကောင်းစားတွေချည်း မဟုတ်ပေမယ့် သူ့ဟာနဲ့သူ အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ ရောက်ရောက်ခြင်း မုန့်ဟင်းခါးတစ်ပွဲ ယူစားဖြစ်တယ် .. သိပ်မကောင်းပေမယ့် အာသာပြေစားလို့တော့ အဆင်ပြေပါတယ်။

စားစရာတွေကတော့ .. မြန်မာဟင်းနဲ့ အသုပ်တချို့ရယ် Chinese food တချို့ရယ်နဲ့ အချိုပွဲအတွက် ကိတ်မုန့်တွေလည်း တော်တော်များပါတယ်။ နာမည်ကြီး နတ်သုဒ္ဓာ အုန်းနို့သာကူပြင်ကိုလည်း တွေ့တယ်။

သောက်စရာအတွက်ကတော့ full size ဘားတစ်ခုရှိပြီး bartender တွေဆီမှာ ကြိုက်ရာ မှာသောက်နိုင်ပါတယ်။ အရက်နဲ့ ဝိုင်တွေတော့ ရွေးစရာ များပြီး တော်တော်လေး စုံပါတယ်။

ရေချိုးခန်းတွေလည်း ရှိတဲ့အတွက် transit ခရီးသည်တွေအတွက် အဆင်ပြေပါတယ်။ အကြိုက်ဆုံးတစ်ချက်ကတော့ Lounge အထဲမှာ သီးသန့် smoking room ရှိတာကိုပါပဲ။ ဆေးလိပ်သောက်တတ်သူတွေအတွက် အပြင်ပြန်ထွက်စရာ မလိုပဲ အေးအေးဆေးဆေး အချိန်ဖြုန်းနိုင်ပါတယ်။

Business Class / First Class လက်မှတ်ကို ဝယ်မထားခဲ့ရင်လည်း တစ်ယောက်ကို US$ 22 ပေးပြီး ဝင်ရောက်နားနေနိုင်ပါတယ်။ အားလုံးကိုခြုံပြီး ပြောရရင်တော့ Mingalar Sky Lounge က အေးဆေးတိတ်ဆိတ်ပြီး ထိုင်လို့ကောင်းတယ်၊ သောက်စရာတွေက တော်တော်စုံတယ်၊ ဆေးလိပ်သောက်တတ်သူတွေအတွက် smoking room ရှိတယ်၊ အန်မတန် စကားများတဲ့ ဝန်ထမ်းတွေရဲ့ အကျင့်ကို ထိန်းနိုင်ရင် တော်တော်အဆင်ပြေမယ်။ သတိထားမိတာက တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ဝန်ထမ်းတွေ တချက်တချက် ဟီးဟီးဟားဟားနဲ့ အော်ကြီးဟစ်ကျယ် စကားပြောကြတာကိုပါပဲ။