ဆူးပန်းခွေသွယ်ဘယက်နှင့်

ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်

စာရေးဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုရှည်ကြီးကို တီဗွီဇတ်လမ်းတွဲရိုက်ထားတာ။ ဝတ္ထုကိုဖတ်တုန်းကလည်း တကယ်ကိုနှစ်နှစ်သက်သက်နဲ့ မနားတမ်း ဖတ်ဖြစ်ခဲ့တော့လည်း အခုလိုသရုပ်ဆောင်တွေနဲ့ ပြန်ကြည့်ရမယ်ဆိုတော့လည်း စိတ်ဝင်စားရပါတယ်။ MRTV 4 ကနေ ညနေ၇နာရီ (တနင်္လာကနေ သောကြာနေ့) မှာပြနေတာလက်ရှိ အပိုင်း (၃၈) ရှိနေပါပြီ။ တစ်ခုကောင်းတာက pyoneplay.com မှာတီဗွီက ပြပြီးသမျှအပိုင်းအားလုံးကို ပြန်ကြည့်လို့ရတော့ အဲဒီကနေပဲ အပိုင်း (၁) ကနေစကြည့်ဖြစ်တယ်။

ခင်ခင်ထူးရဲ့ထုံးစံအတိုင်း သိပ်ပိုင်နိုင်တဲ့ အညာဓလေ့ ကျေးလက်ဓလေ့တွေကို ဝတ္ထုထဲမှာလှိုင်လှိုင်တွေ့ရပေမယ့် ရုပ်ရှင်ထဲမှာ သေသေချာချာ မလုပ်ပြနိုင်ခဲ့တာတော့ သိပ်ပြီးဘဝင်မကျစရာပါပဲ။ ခိုင်ခံ့လှတဲ့ ဇတ်အိမ်ကြီးကို သာမန်ရုပ်ရှင်တကားစာ ရိုက်ရင်တော့ သေချာပေါက် ပျက်စီးသွားမှာဖြစ်ပေမယ့် အခုဇတ်လမ်းတွဲပုံစံရိုက်လိုက်တာက သိပ်ကောင်းတဲ့ စိတ်ကူးပါ။ အညာသားလူရိုးကြီး ကိုကြာစွယ်နေရာက သရုပ်ဆောင်တဲ့ ခန့်စည်သူကို စကြည့်ကြည့်ချင်း ဘယ်လိုမှ ခံစားလို့မရခဲ့ဘူး .. ဝတ္ထုထဲက ကိုကြာစွယ်က ဒီလိုပုံစံမျိုးမှ မဟုတ်ပဲလေ။ သို့ပေမင့် ကြည်ရင်းနဲ့ပဲ ခန့်စည်သူကို မမြင်တော့ပဲ ကိုကြာစွယ်ကိုပဲ မြင်လာတော့တဲ့အထိ သရုပ်ဆောင်ကောင်းပါပေတယ်။

သရုပ်ဆောင်တွေကော အခြားသူတွေပါ အတော်လေးကို တွန်းတွန်းတိုက်တိုက် ကြိုးစားထားကြတာကို တွေ့ရမယ်။ ယခင်ပေါကားလို့ပြောကြတဲ့ဆီက သရုပ်ဆောင်တွေပေမယ့် အခုဇတ်လမ်းတွဲမှာ အားထည့်ထားကြတာကို မြင်ရပါတယ်။

Restoran Nyonya Suan, Melaka

ပြီးခဲ့တဲ့ Weekend က မလက္ကာ (Melaka) ကိုတစ်ညအိပ်ခရီးတိုလေးရောက်ဖြစ်တယ်။ မလက္ကာက မလေးရှားရဲ့ အကျော်ကြားဆုံး Tourist attraction တစ်ခုလည်းဖြစ်တာကြောင့် အမြဲတမ်းကို ခရီးသွားတွေနဲ့ စည်စည်ကားကား ရှိတတ်ပါတယ်။ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့တစ်မြို့ဖြစ်ပြီး ၁၅ရာစုခေတ် ဒတ်ခ်ျတွေရဲ့ ရှေးဟောင်းလက်ရာတွေကြောင့်လည်း ထင်ရှားတယ်။

မလက္ကာနဲ့အတူ တွဲပြီးသိကြရမှာက ပါရာနကန် (Peranakans) ယဉ်ကျေးမှုဖြစ်ပါတယ်။ ပါရာနကန်လူမျိုးတွေဆိုတာ ၁၅ရာစုကနေ ၁၇ရာစုဝန်းကျင်အတွင်းမှာ တရုတ်ပြည်ကနေ မလေးပင်နီဆူးလား ဒေသဘက်ကို ရောက်ရှိအခြေချခဲ့ကြတဲ့ တရုတ်လူမျိုး ကုန်သည်အလုပ် လုပ်ကိုင်သူတွေ ဖြစ်ကြပါတယ်။ မလက္ကာနှင့် ပီနန်းဆိပ်ကမ်းမြို့တွေမှာ အဓိကနေထိုင်ခဲ့ကြပြီး အင်မတန်လည်း ချမ်းသာကြွယ်ဝကာ အထက်တန်းကျကျ နေထိုင်သွားကြသူတွေပါ။ သူတို့မှာ မလေးဘာသာစကား ဘဟာဆား (Bahasa) နဲ့ ကန်တုံ (Cantonese) တရုတ်ဘာသာစကားတို့ ပေါင်းစပ်ထားတဲ့ ကိုယ်ပိုင်ဘာသာစကား ရှိပါတယ်။ ပါရာနကန် အမျိုးသားတွေကို ဘာဘာ (Baba) လို့ခေါ်ပြီး၊ အမျိုးသမီးတွေကို ညွန်ည (Nyonya) လို့ခေါ်ကြပါတယ်။ ညွန်ညအမျိုးသမီးတွေက မီးဖိုချောင်ကို နိုင်နင်းပြီး ဟင်းချက်အလွန်ကောင်းတယ်လို့ နာမည်ကျော်ပါတယ်။ မလေးရှားနှင့်အင်ဒိုနီးရှားစတိုင်ဘက်ကို နွယ်တဲ့ တရုတ်ဟင်းလျှာတွေက တမူထူးခြားပြီး မလက္ကာနဲ့ ပီနန်းမြို့တွေမှာ ညွန်ည စားသောက်ဆိုင်တွေ အတော်များများတွေ့နိုင်ပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်ဝန်းကျင်က မလက္ကာကိုရောက်ခဲ့ဖူးတယ် .. အဲဒီတုန်းက နေလည်စာ စားဖူးခဲ့တဲ့ ညွန်ညဆိုင်ကလေးတစ်ဆိုင်ကို သတိတရနဲ့ ဒီအခေါက်ရောက်တုန်းမှာ ပြန်ရှာပြီး စားဖြစ်တယ်။ သိပ်တော့လည်း ခက်ခက်ခဲခဲ မရှာလိုက်ရပါဘူး .. Google Maps မှာရှာလိုက်တာနဲ့ ချက်ချင်းတန်းတွေ့ပါတယ်။ နာမည်က Restoran Nyonya Suan ပါ .. မလက္ကာမြို့ရဲ့ အဓိကလမ်းမကြီး (Jalan Merdek​a) ပေါ်မှာရှိပြီး၊ မာဒေးကားပလာဇာ (Plaza Merdeka) ရဲ့မြေညီထပ် လမ်းမဘေးတင်ပါ။ မျက်နှာချင်းဆိုင်မှာ ရှော့ပင်းမောကြီး (Dataran Pahlawan Melaka Megamall) ရှိတယ်။

ဆိုင်ရဲ့အပြင်အဆင်ကို ရှေးခေတ် ပါရာနကန် နေထိုင်မှုပုံစံ ရှေးဟောင်းပစ္စည်းတွေနဲ့ အလှဆင်ထားသလို စားပွဲထိုးဝန်ထမ်းတွေကလည်း အင်မတန် ဖော်ရွေပါတယ်။ ဈေးနှုန်းတွေကလည်း သိပ်မများပဲ အဆင်ပြေပါတယ် .. တစ်ခုရှိတာက ဟင်းပွဲတွေက နည်းနည်းကြီးတာကြောင့် လူ၄ယောက် ၅ယောက်လောက်စားမှသာ ဟင်းပွဲတွေကို စုံစုံလင်လင် မှာနိုင်မှာပါ။

အရင်ဆုံးမှာဖြစ်တာက Tahu Nyonya ဆိုတဲ့ ပဲပြားဟင်းလေးပါ။ ပဲပြားကိုကြော်ထားပြီး ပဲပိစပ်ဆော့စ်နဲ့ ပြန်ချက်ထားပုံပါပဲ။ အရင်တစ်ခေါက်က စားထားဖူးပြီး အရမ်းကောင်းတာကို ကြိုသိနေတယ်။ အဓိကကတော့ ပဲပြားကိုဆမ်းထားတဲ့ ဆော့စ်ပါပဲ .. ဆိုင်ရဲ့ နာမည်အကြီးဆုံး ဟင်းပွဲတွေထဲကတစ်ခု ဖြစ်ပါတယ်။

Tahu Nyonya (ညွန်ညတိုဖူးဟင်း)

နောက်တစ်ခုက ကန်စွန်းရွက်ကြော်၊ ကျနော်တို့ကတော့ အရသာလေးလေး ခပ်စပ်စပ်လေး စားချင်တော့ Kangkung Cili Belacan ဆိုတာမှာလိုက်တယ်။ Belacan ဆိုတာက မလေးရှားမှာ အသုံးများတဲ့ ပုစွန်ငါးပိတစ်မျိုးဖြစ်ပြီး ကွန်စွန်းရွက်နဲ့ ရောကြော်ထားတော့ အရသာတကယ်ကို ကောင်းပါတယ်။ ငါးပိမကြိုက်၊ အစပ်မစားရင်တော့ ရိုးရိုး ကန်စွန်းရွက်ကြော်လည်းရတယ် .. သူလည်းမဆိုးဘူး။

Kangkung Cili Belacan (ငပိကန်စွန်းရွက်ကြော်)

ညွန်ညအစားအစာတွေထဲမှာ ငါးဟင်းကလည်း နာမည်ကြီးပါတယ် .. ကျနော်တို့မှာလိုက်တဲ့ငါးဟင်းက ညွန်ညစတိုင် အုန်းနို့နဲ့ချက်ထားတဲ့ ဟင်းပါ။ ငါးကိုအပြင်မှာသက်သက်ရေနွေးငွေ့နဲ့ ပေါင်းပြီး ဟင်းအနှစ်ထဲကို စိမ်ထားပုံရတယ်။ အရမ်းကိုနူးညံ့ပြီး အရသာရှိတဲ့ငါးပါ .. ဘာငါးလဲတော့ သေချာမသိလိုက်ဘူး။

Nyonya စတိုင် ငါးအုန်းနို့ချက်

နောက်ဆုံး အချိုပွဲကတော့ Nyonya Cendol ပါ .. ရေခဲခြစ်ကို အုန်းနို့ဆမ်းပြီး မုန့်လက်ဆောင်းဖတ်လေးတွေရယ် ပဲစေ့လေးတွေ ထည့်ထားတယ်။ အပေါ်က ဆမ်းထားတဲ့ အညိုရောင်အရည်က Gula Melaka လို့ခေါ်ပါတယ် .. Gula ဆိုတာက မလေးဘာသာစကားနဲ့ “သကြား” ပါ .. ဒီတော့ “မလက္ကာသကြား” ပေါ့။

Nyonya Cendol

မလက္ကာရဲ့ နာမည်ကျော် လက်ဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ Gula Melaka ဆိုတာက တကယ်တော့ ထန်းပင်ကနေရတဲ့ ထန်းလျှက်ပါပဲ .. မြန်မာပြည်က ထန်းလျှက်တွေထက် အချိုပေါ့ပြီး အရသာက နည်းနည်းခါးသက်သက်ကလေး နဲ့ အနံကလည်း မီးခိုးနံ့ ခပ်သင်းသင်းလေးရတယ်။ ညွန်ညတွေဟင်းချက်တဲ့အခါ အချိုမှုန့်မသုံးကြပဲ Gula Melaka ကိုပဲ အနည်းငယ်ထည့်သုံးကြတယ် .. တခြားမုန့်ပဲသရေစာတွေမှာလည်း သကြားအစားထိုးသုံးကြပါတယ်။

Gula Melaka

မလက္ကာမှာ ညွန်ညဆိုင်အတော်များများရှိတဲ့အထဲက ဒီဆိုင်လေးကို သဘောကျရတာက အဓိက ဈေးသင့်တယ်၊ အရသာရှိတယ် .. နောက်ပြီးမြို့လယ်ခေါင် အချက်အခြာကျတဲ့ နေရာမှာရှိတာကြောင့်ရယ်ပါ။

Restoran Nyonya Suan

Jalan Merdeka, Taman Costa Mahkota,

75000 Melaka, Malaysia

http://www.nyonyasuan.com

 

Life of a Malaysian trucker

အသက်၅၉နှစ်ရှိပြီဖြစ်တဲ့ မလေးရှား ထရပ်ကားဒရိုင်ဘာ မစ္စတာလူး (Mr Loo Chin Khong) အတွက် မိသားစုနဲ့အတူနေထိုင်ဖို့ကတော့ ရှားပါးတဲ့ ရတောင့်ရခဲ အခွင့်အရေးဖြစ်ပါတယ်။ သူ့ရဲ့အချိန်တွေအများစုကတော့ လုပ်ငန်းသဘောအရ အိပ်ချိန်အပါအဝင် ကားပေါ်မှာပဲ ကုန်ဆုံးရတာပါ။ တစ်ဆိုင်းကို ၄၈နာရီလုပ်ရပြီး တစ်ပတ်ကို ၃ကြိမ်လုပ်ရတဲ့သူ့အလုပ်အကိုင်ကတော့ မလေးရှားရဲ့ ကုန်းမြင့်ဒေသ တစ်ခုဖြစ်တဲ့ Cameron Highlands ကနေ စင်္ကာပူကို ဟင်းသီးဟင်းရွက်တွေ ပို့ပေးရတဲ့ အလုပ်ပါ။

မစ္စတာလူး နှင့် သူ၏ ထရပ်ကား (Photo: Amir Yusof)

ကျွန်တော်ကတော့ ဒီလိုအလုပ်ချိန်၊ ဒီလိုအခြေအနေတွေနဲ့ အသားကျနေပါပြီ လို့ပြောလာတဲ့ မစ္စတာလူးက အခုလက်ရှိအလုပ်ကို လုပ်လာတာ ၁၆နှစ်ခန့်ရှိပါပြီ။ မစ္စတာလူး နဲ့ သူရဲ့အကူဒရိုင်ဘာ မူတူး (Mr Muthukumar) တို့နှစ်ယောက်က မလေးရှား logistics ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sun Yee Cheong Trading ရဲ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။ မလေးရှား Cameron Highlands ကနေ စင်္ကာပူနိုင်ငံ ပါဆားပန်ဂျန်း (Pasir Panjang) မှာရှိတဲ့ ဟင်းသီးဟင်းရွက် လက်ကားဒိုင်ကြီးတွေဆီ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေကို အရောက်ပို့ပေးနေတဲ့ သူတို့လိုပဲ ဒါဇင်နဲ့ချီတဲ့ အခြားဒရိုင်ဘာတွေလည်းရှိပါသေးတယ်။

မစ္စတာလူး နှင့် အကူဒရိုင်ဘာ မူတူး (Photo: Amir Yusof)

အသွားအပြန် ၄၈နာရီကြာတဲ့ ခရီးစဉ်မှာ မစ္စတာလူး နှင့် အကူဒရိုင်ဘာမူတူး တို့နှစ်ယောက် ကားကိုတစ်လှည့်စီ မောင်းကြပါတယ်။ တစ်ယောက်က ကားကိုမောင်းနေတဲ့အချိန်မှာ အခြားတစ်ယောက်က ဒရိုင်ဘာခုံအနောက်မှာရှိတဲ့ နေရာကျဉ်းလေးထဲမှာ အနားယူရင်း လိုက်ပါရပါတယ်။ နေရာက ကျဉ်းလွန်းတဲ့အပြင် လူတစ်ယောက် ကောင်းကောင်းခြေဆန့်ပြီး အိပ်ဖို့တောင် အဆင်မပြေပါဘူး။ အကူဒရိုင်ဘာမူတူး ကားမောင်းတဲ့ အချိန်တွေမှာဆိုရင်တော့ မစ္စတာလူး တစ်ယောက် နောက်ကနေရာကျဉ်းလေးမှာ စောင်တစ်ထည်ခြုံပြီး ကွေးကွေးလေး အိပ်နေလေ့ရှိတယ်။ သက်တောင့်သက်သာလည်း မရှိလှပါဘူး .. ဆူညံနေတဲ့ ကားအင်ဂျင်သံနဲ့ အဲယားကွန်းကလည်း အေးတာကြောင့် ပုံမှန်ဆိုရင် ကားပေါ်မှာအိပ်ရင် ကောင်းကောင်းအိပ်မပျော်ပါဘူး လို့မစ္စတာလူးကပြောပါသေးတယ်။ သူကအိပ်တဲ့အချိန်မှာ အဲယားကွန်းကို ပိတ်ပြီးအိပ်ချင်ပေမယ့် မူတူးကတော့ ပူတဲ့ဒဏ်ကိုမခံနိုင်တော့ အဲကွန်းကိုဖွင့်ထားချင်တယ် .. လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့အတိုင်း တစ်ယောက်ထဲမဟုတ်တော့ ဒါတွေကိုလည်း သည်းခံရတယ်လို့ ဆိုပါတယ်။

Singapore Food Agency ရဲ့ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ စင်္ကာပူကိုတင်သွင်းလာတဲ့ ဟင်းသီးဟင်းရွက် အများစု ၆၉ရာခိုင်နှုန်းက မလေးရှားနိုင်ငံမှာရှိတဲ့ စိုက်ခင်းတွေဆီက လာတာပါ။ စင်္ကာပူနိုင်ငံသားတွေရဲ့ မြင့်မားလှတဲ့ ဟင်းသီးဟင်းရွက် လိုအပ်ချက်အတွက် မစ္စတာလူးတို့လို မလေးရှားထရပ်ကား ဒရိုင်ဘာတွေကလည်း အရေးကြီးတဲ့ နေရာကနေ တစိတ်တပိုင်း ပါဝင်ပါတယ်။

ကုန်တင်ရန်စောင့်ဆိုင်းနေသော မစ္စတာလူး (Photo: Amir Yusof)

အလုပ်က တစ်ခါတလေအရမ်းများတော့လည်း ပင်ပန်းတယ် ဒါပေမယ့် ဟင်းသီးဟင်းရွက်တွေကို လူတွေရဲ့ ထမင်းစားပွဲပေါ် ရောက်အောင်ပို့ပေးနိုင်တဲ့ အလုပ်ဖြစ်တော့ ဒါကကိုယ့်ကိုယ်ကို ဂုဏ်ယူစရာလည်း ကောင်းပါတယ်ဗျာ လို့မစ္စတာလူးကပြောပါတယ်။

တောင်တက်လမ်းဖြစ်တဲ့ Cameron Highlands ကိုသွားရာလမ်းကလည်း အန္တရာယ်အလွန်များပါတယ်။ မစ္စတာလူး ပုံမှန်သွားနေကျလမ်းက ပါဟန်း (Pahang) ပြည်နယ် မြောက်ဘက်ခြမ်း Tapah မြို့ကလေးကနေ တက်တဲ့ လမ်းကြောင်းပါ။ ညဘက်မောင်းရတဲ့အတွက် လမ်းမီးတွေလည်း မရှိသလို အကွေ့အကောက်တွေများပြီး မတ်စောက်ပါတယ်။ ကားစတီယာရင်ကို လက်တစ်ဖက်ထဲနဲ့ တောင်တက်လမ်းတွေကို ညမှောင်မှောင်မှာ ကျွမ်းကျင်စွာမောင်းတတ်တဲ့ မစ္စတာလူးက ကားမောင်းချိန် အခြားလက်တစ်ဖက်မှာ အမြဲတမ်း စီးကရက်ကို လက်ကြားညှပ်၊ စီးကရက်သောက်ပြီး မောင်းလေ့ရှိတယ်။

ကားမောင်းနေတဲ့ မစ္စတာလူး (Photo: Amir Yusof)

မစ္စတာလူးတစ်ယောက် ဒီလိုမျိူး အန္တရာယ်များတဲ့ တောင်တက်လမ်းတွေနဲ့ ရင်းနှီးခဲ့တာကြာလှပါပြီ။ သူအသက် ၂၀ ကျော်အရွယ် ၁၉၈၀ ဝန်းကျင် တုန်းက Cameron Highlands ကနေ ထိုင်းနိုင်ငံဘက်ကို ကုန်ကားနဲ့ ပန်းတွေပို့တဲ့ အလုပ်လုပ်ခဲ့စဉ်ကပေါ့။ မိုးတွေရွာနေတဲ့ တစ်နေ့ သူမောင်းနေတဲ့ ထရပ်ကားကြီး လမ်းပေါ်ကနေ ချော်ထွက်ပြီး ချောက်ထဲကိုကျသွားခဲ့တယ်။ သူကတော့ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ တော်တော်များများ ဒဏ်ရာတွေ ရခဲ့ပြီး သူ့ရဲ့အကူယာဉ်မောင်းကတော့ နေရာတင်ပဲ ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒီအလုပ်က အန္တရာယ်များတယ်ဆိုတာ ကျွန်တော်အစကတည်းက သိပါတယ် .. သူ့ကိုလည်းအခုထိ မှတ်မိနေသေးတယ်၊ သူက အင်မတန်ကောင်းတဲ့လူပါ ဒါပေမယ့် ဖြစ်တာကဖြစ်ပြီးသွားပြီဆိုတော့ ဘာမှပြန်ပြင်လို့ မရတော့ဘူး လို့မစ္စတာလူးက ပြန်ပြောပြတယ်။

လမ်းတဝက်မှာစားတဲ့ ညစာ (Photo: Amir Yusof)

Senior driver တစ်ယောက်ဖြစ်တဲ့ မစ္စတာလူးရဲ့ လစာက တစ်လကို မလေးရှားရင်းဂစ် ၄၅၀၀ (မြန်မာငွေ ၁၅သိန်းခန့်) ဖြစ်ပါတယ်။ ဒီလစာနဲ့ ချမ်းသာမှာတော့ မဟုတ်ပေမယ့် မိသားစုအတွက် ဖူလုံတယ်လို့ဆိုပါတယ်။ တစ်လကိုမှ ရင်းဂစ် ၂၀၀၀ လောက်အများဆုံးရတဲ့ လယ်သမားတွေထက်စာရင်တော့ ပိုကောင်းပါသေးတယ်လို့ မစ္စတာလူးကပြောသေးတယ်။

မစ္စတာလူးရဲ့အိမ်က Cameron Highlands မှာရှိတဲ့ Tanah Rata ဆိုတဲ့မြို့ကလေးမှာပါ။ ဇနီးသည်နဲ့ ၇နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ သူ့သားတစ်ယောက် ဒီအရွယ်ရောက်လာတဲ့ တလျှောက်လုံး မစ္စတာလူးတစ်ယောက် အနားမှာမရှိနိုင်ခဲ့ပါဘူး .. အလုပ်သဘောအရ သူကတော့ တချိန်လုံး လမ်းပေါ်မှာပဲ အချိန်ကုန်ခဲ့ရပါတယ်။

ထရပ်ကားကို ဆီဖြည့်နေစဉ် (Photo: Amir Yusof)

တစ်ခါတစ်လေ အလုပ်မှာအဆင်မပြေလို့ စိတ်ပျက်စရာတွေကြုံလာတိုင်း ကိုယ်ဟာကိုယ် ပြန်သတိပေးဖြစ်တယ် .. ငါအခုအလုပ်လုပ်နေတာ သားအတွက်ပဲ၊ သူ့ကိုပညာရေးကောင်းကောင်းရပြီး ကျောင်းကောင်းကောင်းမှာ ထားနိုင်ဖို့အတွက်ပဲဆိုပြီး မစ္စတာလူးက ပြောပြရှာပါတယ်။

Channel News Asia သတင်းဌာနက မစ္စတာလူးရဲ့ နေ့တဓူဝ လုပ်ငန်းဖြစ်တဲ့ Cameron Highlands ကနေ စင်္ကာပူ ခရီးစဉ်ကို ပိုပြီးအသေးစိတ်သိနိုင်ဖို့အတွက် အတူလိုက်ပါ မှတ်တမ်းတင်ထားကြပါတယ်။

————–

အင်္ဂါနေ့  , ညနေ၆နာရီ  – ကားစထွက်မယ့် Cameron Highlands မှာ ကားပေါ်ကို ဟင်းသီးဟင်းရွက်တွေ တင်ပါတယ်။

မစ္စတာလူး ကုမ္ပဏီရုံးခန်းကို ရောက်လာပြီး ခရီးထွက်ဖို့အတွက် ပြင်ဆင်ပါတယ်။ သူကလုပ်ဖော်ကိုင်ဖက်တွေနဲ့ ရယ်စရာတွေကို အော်ဟစ်နောက်ပြောင်ရင်း လိုအပ်မယ့် စာရွက်စာတမ်းတွေကိုလည်း စုံစုံလင်လင် ဖြစ်ဖို့အတွက် ဂရုတစိုက်ပြင်ဆင်ရပါတယ်။

မစ္စတာလူးနှင့်လုပ်ဖော်ကိုင်ဖက်များ (Photo: Amir Yusof)

ကားပေါ်ကို ပစ္စည်းတွေတင်ပြီး ညနေ၇နာရီမှာ ကားစထွက်ပါတယ်။ အကူယာဉ်မောင်း မူတူးကို သူ့အိမ်မှာဝင်ခေါ်ပြီး အန္တရာယ်များလှတဲ့ စင်္ကာပူသွား တောင်အဆင်းလမ်း ညဘက်ခရီးကို စတင်ပါတော့တယ်။ မစ္စတာလူးနဲ့ မူတူးတို့ ဒရိုင်ဘာနှစ်ယောက် အတူလက်တွဲလာတာ ၉နှစ်ရှိပါပြီ။ ပြောစရာစကားတွေလည်း ကုန်သွားပြီး ပြောစရာထွေထွေထူးထူး မရှိတော့တဲ့အတွက် နှစ်ယောက်လုံး လမ်းမှာစကားလည်း သိပ်မပြောဖြစ်ကြဘူးလို့ ဆိုပါတယ်။

ကားမထွက်ခင်ပစ္စည်းတွေတင်နေစဉ် (Photo: Amir Yusof)

ဗုဒ္ဓဟူးနေ့ , မနက်စောစော၄နာရီ – စင်္ကာပူ Woodlands Checkpoint ကိုရောက်ပါတယ်

အင်မီဂရေးရှင်းနဲ့ အကောက်ခွန် စစ်ဆေးရေးဂိတ်တွေကို ဖြတ်ဖို့အတွက်ကလည်း စိတ်ရှုပ်ရတဲ့ အလုပ်တစ်ခုပါ။ အထူးသဖြင့် စင်္ကာပူဘက်ခြမ်းကWoodlands Checkpoint မှာအချိန်အတော်ယူရပါတယ်။ သာမန်ခရီးသည်တင်ကားတွေနဲ့ မတူတာက တင်းကျပ်တိကျသော စင်္ကာပူ၏စည်းမျဉ်းများကြောင့် အထပ်ထပ်စစ်ဆေးခြင်းကို ခံရပါတယ်။ ဒါ့အပြင် တစ်လကိုတစ်ခါ သို့မဟုတ်နှစ်ခါလောက်တော့ ကားပေါ်တင်လာသမျှ ပါကင်ဗူးများအားလုံးကို ဖွင့်စေကာ အသေးစိတ် စစ်ဆေးပါသေးတယ်။ ဒါကို မစ္စတာလူးတို့က “မနက်ခင်းကျန်းမာရေး လေ့ကျင့်ခန်း” လို့ အမည်ပြောင်ပေးထားကြပါတယ်။ “ကျွန်တော်တို့က တရားမဝင်တာ ဘာတစ်ခုမှ သယ်လာတာမဟုတ်ပေမယ့် သူတို့သူတို့အလုပ် သူတို့လုပ်နေကြတာဆိုတော့ နားလည်ပေးရမှာပေါ့” ဟုမစ္စတာလူးက အကောင်းမြင်ပေမယ့် သိပ်ပြီးနားမလည်နိုင်ဖြစ်နေတဲ့ မူတူး တစ်ယောက်ကတော့ သူတို့က ပြောတော့အလွယ်လေး ပါကင်သေတ္တာပေါင်း ရာနဲ့ချီကို ဖွင့်ရတာ လွယ်တဲ့အလုပ်မဟုတ်ကြောင်း ပြီးသွားရင်လည်း ဘယ်သူမှပြန်ထုတ်ပိုးပေးတာမဟုတ်ပဲ ကိုယ့်ဟာကိုယ်ပဲ ပြန်လုပ်ကြရကြောင်း စောဒကတက်ပါတယ်။

မနက်စောစော စင်္ကာပူရောက် မစ္စတာလူး (Photo: Amir Yusof)

ဗုဒ္ဓဟူးနေ့ , မနက်၈နာရီခွဲ- စင်္ကာပူ ပါဆားပန်းဂျန်း လက်ကားဈေးကြီးမှာ ပစ္စည်းတွေချပါတယ်။

စင်္ကာပူ ပါဆားပန်းဂျန်း လက်ကားဈေးကြီးကိုရောက်တော့ မစ္စတာလူးတို့ ဒရိုင်ဘာနှစ်ယောက်ကိုယ်တိုင် ထရပ်ကားပေါ်မှာပါလာတဲ့ ဟင်းစီးဟင်းရွက် ၁၅တန်ခန့်ကို အောက်ချဖို့ပြင်ဆင်ရပါတယ်။ သူတို့ရဲ့အလုပ်ချိန်အတွင်းမှာ ဒီအချိန်က ကိုယ်ကာယစိုက်ထုတ်ပြီး ပင်းပင်ပမ်းပမ်း လုပ်ကြရတဲ့အချိန်ပါပဲ။ ကားပေါ်ကို တက်လိုက်ဆင်းလိုက်နဲ့ ပစ္စည်းတွေချမယ်၊ ပစ္စည်းတွေတင်ထားတဲ့ လေးလံလှတဲ့ ထရောလီကြီးတွေကိုတွန်းပြီး သွင်းရမယ့်လက်ကားရောင်းသူ ဖောက်သည်ရဲ့ဆိုင်ခန်းအထိ ရောက်အောင်ပို့ရပါတယ်။

ထရော်လီတွန်းရင်း လမ်းဖယ်ပေးရန် အော်ဟစ်ပြောဆိုနေစဉ် (Photo: Amir Yusof)

အခုလိုပင်ပင်ပန်းပန်း လုပ်ရပေမယ့်လည်း မစ္စတာလူးတစ်ယောက် ပျော်ပျော်ပဲလုပ်နိုင်ပါသတဲ့။ အချိန်အများစုက ကားပေါ်မှာပဲ ထိုင်နေရင်းကုန်းဆုံးရတဲ့အတွက် ချွေးထွက်အောင်လုပ်ရတဲ့ အလုပ်က သူ့ကိုအညောင်အညာပြေပြီး လန်းဆန်းစေပါတယ်။

မစ္စတာလူးရဲ့ အကူဒရိုင်ဘာ မူတူး (Photo: Amir Yusof)

ကားပေါ်ကပစ္စည်းတွေချပြီးလို့ မကြာပါဘူး ဒီနှစ်ယောက်က မလေးရှားဘက်ကို ပြန်ဖို့စတင်ပါတယ်။

ဗုဒ္ဓဟူးနေ့ , ညနေ ၄နာရီ – စင်္ကာပူကနေ အပြန်လမ်းမှာ မလက္ကာစက်မှုဇုံထဲ (industrial area in Melaka )ကစက္ကူကတ်ထူပြားတွေထုတ်တဲ့ စက်ရုံတစ်ခုကို ဝင်ရပါသေးတယ်။ အဲဒီစက်ရုံက စွန့်ပစ်ဖို့ရည်ရွယ်ထားတဲ့ ကတ်ထူညှပ်စတွေနဲ့ အနာအဆာရှိနေတဲ့ ကတ်ထူပြားတွေကို လာတင်တာဖြစ်ပါတယ်။ အဲဒါတွေကို မစ္စတာလူးတို့ စက်ရုံပြရောက်တဲ့အခါ ဟင်းသီးဟင်းရွက်တွေ ထုပ်ပိုးနိုင်ဖို့အတွက် ပြန်လည်ပြင်ဆင် အသုံးပြုနိုင်ပါတယ်။ စက်ရုံအလုပ်သမားတွေ ကားပေါ်ကို ကတ်ထူပြားတွေ တင်ပေးတာကို ပုံမှန်အားဖြင့် အချိန်တစ်နာရီကနေ နှစ်နိုင်ရီခန့် စောင့်ရပါသေးတယ်။

စက်ရုံတွင် ကားပေါ်သို့ စက္ကူကတ်ထူပြားများ တင်နေစဉ် (Photo: Amir Yusof)

ကြာသပတေးနေ့ , မနက် ၃နာရီ – အကူဒရိုင်ဘာ မူတူးကို သူ့အိမ်ရှိတဲ့ ဘီဒေါ (Bidor) မြို့ကလေးမှာ ချထားခဲ့ပြီး မစ္စတာလူးတစ်ယောက်ထဲ ကင်မရွန်းဟိုက်လန်း (Cameron Highlands) တောင်တက်လမ်းကို မောင်းတက်ခဲ့တော့တယ်။ အပေါ်ကိုရောက်တော့ မနက်စောစော ၄နာရီပဲရှိသေးတဲ့အတွက် မစ္စတာလူးတစ်ယောက် ကားပေါ်မှာပဲ မိုးလင်းတဲ့အထိ အိပ်ပြီး ကားပေါ်တင်လာတဲ့ စက္ကူကတ်ထူပြားတွေ အခိုးမခံရအောင် စောင့်နေရပါသေးတယ်။

မနက်စောစော ၄နာရီမှာ ပြန်ရောက်တဲ့ မစ္စတာလူး (Photo: Amir Yusof)

မနက် ၉နာရီဝန်းကျင်မှာတော့ စက္ကူကတ်ပြားတွေကို အလုပ်သမားတွေက ကားပေါ်ကနေ ချကြပါတယ် .. အဲဒီအချိန် မစ္စတာလူးတစ်ယောက် အချိန်အနည်းငယ်ရတဲ့အတွက် မြို့ထဲခဏသွားပြီး လုပ်စရာရှိတာလေးတွေ လုပ်ချိန်ရပါတယ်။

မနက် ၁၁နာရီဝန်းကျင်လောက်မှာတော့ အနီးပတ်ဝန်းကျင် စိုက်ခင်းတွေဆီကနေ ဟင်းသီးဟင်းရွက်တွေ​က မစ္စတာလူးတို့ ရုံးခန်းရှိရာကို ရောက်လာပါပြီ။ ဒါက မစ္စတာလူးရဲ့  ဒီကနေ့သွားရမယ့် ခရီးစဉ်အတွက်ပါ။

နောက်ထပ်ခရီးစဉ်အတွက် ကားပေါ်ပစ္စည်းတွေတင်နေတဲ့ မစ္စတာလူး (Photo: Amir Yusof)

အလုပ်သမားတွေနဲ့အတူ ကားပေါ်ကို ဟင်းသီးဟင်းရွက်တွေ တင်အပြီးမှာတော့ မစ္စတာလူးအတွက် အိမ်ပြန်ပြီး ခဏတဖြုတ်နားဖို့ အချိန်ရပါတယ်။ သူ့ရဲ့စင်္ကာပူကို သွားပို့ရမယ် နောက်ခရီးစဉ်က ညနေ၇နာရီမှာ ပြန်စမှာဖြစ်ပါတယ်။

————-

Ref : CNA (Channel News Asia) ရဲ့ဆောင်းပါး “48 hours on the road: Life of a Malaysian trucker who delivers vegetables to Singapore” ကိုဘာသာပြန်ထားတာပါ။

TAPAK in Cyberjaya

ငှားနေတဲ့ ကွန်ဒိုဘေးက အစိုးရပိုင် Cyberjaya Park & Ride အခမဲ့ကားပါကင်နေရာမှာ မလေးရှားရဲ့ နာမည်ကြီး Food Truck Park ဖြစ်တဲ့ TAPAK မနေ့တုန်းက စပြီးလာဖွင့်ပါတယ်။ စစဖွင့်ချင်းမှာတော့ Food Truck အစီး၂၀ကျော်လောက် လာရောင်းတာတွေ့တယ်။ ကွာလာလမ်ပူမြို့ထဲ Petronas Twin Towers နားမှာရှိတဲ့ TAPAK Food Truck Park ကိုတော့ ၂ခေါက်လောက်ရောက်ဖူးပါတယ် .. အဲဒီနေရာကတော့ အချက်အခြာလည်းကျပြီး တိုးရစ်တွေလည်းများတော့ တော်တော်စည်ကားတယ် .. Food Truck အစီး၄၀နီးပါးလောက်တော့ ရှိမယ်ထင်ပါတယ်။

TAPAK ရဲ့အိုင်ဒီယာကို လူငယ်၃ယောက်က စပြီးစဉ်းစားမိကာ အကောင်အထည်ဖော်ခဲ့ကြပြီး အခုဆိုအတော်လေး အောင်မြင်နေပါပြီ။ မလေးရှားရဲ့ ပထမဆုံးသော Food Truck Park ဖြစ်ပြီးတော့ လူသိအများဆုံးလည်းဖြစ်တယ်။ Tapak Suvarnabumi Sdn Bhd ကုမ္ပဏီက ရောင်းချင်တဲ့ Food Truck တွေကိုစုစည်းပြီး Operate လုပ်နေတာပါ။ TAPAK ရဲ့  Food Truck Park မှာရောင်းခွင့်ရဖို့အတွက် အရသာနဲ့ အရည်အသွေးကို စစ်ဆေးခံရမှာဖြစ်ပြီး အဲဒီအဆင့်ကို အောင်မြင်မှသာ ရောင်းချခွင့်ရတယ်လို့ ဆိုပါတယ်။

မလေးရှား Local Food တွေကိုပဲအဓိကထားရောင်းကြပြီး အခြား Thai Food, Western Food တွေလည်းရှိပါတယ်။ ဈေးကတော့ အပြင်စားသောက်ဆိုင်တွေနဲ့ သိပ်မကွာ၊ သိပ်မသက်သာလှပေမယ့် Truck ကားတွေအများကြီးနဲ့ တနေရာထဲမှာ ရွေးချယ်စရာများတဲ့အတွက် အဆင်ပြေပါတယ်။ Take away ဝယ်ပြီးအိမ်ရောက်မှ စားလို့ရသလို အလယ်ကကွင်းပြင်မှာခင်းထားပေးတဲ့ စားပွဲခုံတွေမှာလည်း Picnic ပုံစံ ထိုင်စားလို့ရပါတယ်။

အိမ်နားလေးတင် လာဖွင့်တာဆိုတော့ တစ်နေ့တစ်နေ့ ဘယ်သွားပြီး ဘာစားရမလဲဆိုတာကို စဉ်းစားရတဲ့ ဒုက္ခတော့ နည်းနည်းသက်သာသွားမယ်။ ဘယ်အချိန်အထိ ခံမလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ .. Cyberjaya ကနဂိုကတည်းက ခြောက်ကပ်ကပ်ရယ် …

Putra NEDO EV Bus Project

Putra NEDO EV Bus Project ဆိုတာ မလေးရှားရဲ့ပထမဦးဆုံး လျှပ်စစ်စွမ်းအင်သုံး ဘတ်စ်ကားတွေအတွက် စမ်းသပ်နေဆဲ Pilot Project ဖြစ်ပါတယ်။ မလေးရှားအစိုးရ အဓိကရုံးစိုက်ရာမြို့ Putrajaya ရဲ့ အဓိဦးတည်ချက်ဖြစ်တဲ့ Green City 2025 ရဲ့အစိတ်အပိုင်းတစ်ခုအဖြင့် စတင်စမ်းသပ်နေတဲ့ အစီအစဉ်တစ်ခုပါ။ ကာဗွန်သုံးစွဲမှုကို လျှော့ချဖို့အတွက် Putrajaya ရဲ့ဘတ်စ်ကားတွေကို ဒီဇယ်အင်ဂျင်သုံး ကားတွေအစား သဘာဝဓါတ်ငွေ့ ဘတ်စ်ကားတွေကို ပြောင်းသုံးနေတာတော့ ကြာပါပြီ။ ဒီတစ်ခုကတော့ နောက်ထပ်တစ်ဆင့်တိုးပြီး လျှပ်စစ်စွမ်းအင်သုံး ဘတ်စ်ကားတွေ ရာနှုန်းပြည့် သုံးစွဲနိုင်ဖို့အတွက် ရှေ့ပြေးစီမံချက်ဖြစ်ပါတယ်။

ဒီပရောဂျက်ကို Putrajaya Corporation နှင့် ဂျပန်နိုင်ငံမှ New Energy and Industrial Technology Development Organization (NEDO) တို့ကပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပြီး အခြားပြည်တွင်းနှင့် ဂျပန်ကုမ္ပဏီအချို့ကလည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ကြပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားတာတစ်ခုက ဒီပရောဂျက်ရဲ့ အဓိက သော့ချက်ဖြစ်တဲ့ Super Quick Charge စနစ်ပါ။ ၁၀မိနစ်အားသွင်းယုံနဲ့ ဘတ်စ်ကားတွေကို ၃၀ကီလိုမီတာခရီးကို မောင်းနှင်နိုင်အောင် ပြုလုပ်စမ်းသပ်နေကြတယ်။ လိုအပ်တဲ့ rechargeable battery တွေနဲ့ Super Quick Charger စနစ်က တိုရှီဘာ (Toshiba) ရဲ့နည်းပညာဖြစ်ပြီး ဘတ်စ်ကားတွေကတော့ မလေးရှားပြည်တွင်းမှာပဲ ထုတ်ပါတယ်။ ဘတ်စ်ကားတွေရဲ့  ခေါင်မိုးပေါ်ကတဆင့် အားသွင်းတဲ့ interface ကိုတိုက်ရိုက်ဆက်သွယ်ပြီး ၁၀မိနစ်အားသွင်းယုံနဲ့ ဒီဘတ်စ်ကားဟာ နောက်ခရီးစဉ်အတွက် အဆင်သင့်ဖြစ်နိုင်ပါပြီ။

တိုရှီဘာ (Toshiba) ရဲ့ကိုယ်ပိုင်နည်းပညာဖြစ်တဲ့ Centralize Monitoring စနစ်ကလည်း ကားတွေရဲ့လမ်းကြောင်းတွေ၊ ဘက်ထရီအ​ခြေအနေ နှင့် အားသွင်းမှုလိုအပ်ချက်တို့ကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ထိန်းချုပ်နိုင်ဖို့ကို အကူအညီပေးပါတယ်။ ဒရိုင်ဘာတွေရဲ့ mind set ကိုလိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်ဖို့အတွက်လည်း စနစ်တကျ သင်တန်းတွေပေးနေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ကားအစီးရေ ၂၀လောက်နဲ့ သတ်မှတ်ထားတဲ့ မြို့တွင်းလမ်းကြောင်းတချို့မှာ စမ်းသပ်ပြေးဆွဲနေပြီး .. နောင်မကြာခင်မှာပဲ Putrajaya လမ်းမတွေပေါ် စက်သံမကြား၊ မီးခိုးလုံးဝမထွက်တဲ့ ဘတ်စ်ကားကြီးတွေကို ပေါပေါများများ တွေ့လာရတော့မှာပါ။